spot_img
Tuesday, November 18, 2025
More
    spot_img
    Homeသတင်းအတုအယောင်ရွေးကောက်ပွဲကို ဘယ်လိုဆန့်ကျင်နေသလဲ

    အတုအယောင်ရွေးကောက်ပွဲကို ဘယ်လိုဆန့်ကျင်နေသလဲ

    -

    စစ်အုပ်စုက ဦးဆောင်၍ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်လျက်ရှိနေပြီး အဆိုပါ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများက ဆန့်ကျင်ကန့်ကွက်လျက် ရှိနေသည်။

    စစ်အုပ်စု၏ ရွေးကောက်ပွဲသည် မည်ကဲ့သို့ အတုအယောင်ဖြစ်ကြောင်း၊ ပြည်သူများကို မည်ကဲ့သို့ လိမ်ညာ နေကြောင်းနှင့် နိုင်ငံရေးအရ တရားဝင်ရန် လိမ်ညာလုပ်ဆောင်နေမှုများကို ပြည်သူနှင့် နိုင်ငံတကာများကို မိမိတို့အနေဖြင့် မျှဝေ ပြောဆိုနေကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ပြောသည်။

    “ပြည်သူတွေကိုလည်း စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ ဘယ်လိုမျိုးပုံစံရှိတယ်ဆိုတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုတာမျိုးတွေ လုပ်တာမျိုး ရှိတယ်။ နောက်ပြီးတော့ စစ်အုပ်စုနဲ့ပတ်သက်ပြီး တခြားသော ဝါဒဖြန့်ချီရေး ယန္တယားတွေပေါ့လေ။ ဝါဒဖြန့်ချီမှုတွေကို တန်ပြန်ပြီးတော့ ရှင်းလင်းပြောဆိုတဲ့ဟာ ပြန်ပြီး တုံ့ပြန်တဲ့အပိုင်းတွေပေါ့လေ။ ဒီလိုမျိုးအပိုင်းတွေ ကျနော်တို့ လုပ်နေတာရှိတယ်။ နောက်ပြီးတော့ မြေပြင်အခန်းကဏ္ဍမှာလည်း ကျနော်တို့ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Campaign ဖော်ဆောင်နေတဲ့အပိုင်းတွေ ရှိတယ်။ ဒါ့အပြင် ကျနော်တို့ ဒေသတွင်းမှာ ရှိတဲ့ မွန်ဒေသတွင်းမှာရှိတဲ့ တခြားသော မဟာမိတ်အင်အားစုတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ အတူပူးပေါင်းပြီးတော့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အပိုင်းတွေ ရှိပါတယ်ခင်ဗျ” ဟု ပြောသည်။

    အလားတူ မိမိတို့ မဟာမိတ် အင်အားစုများနှင့် ချိတ်ဆက်၍ စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးယန္တယားများကို တန်ပြန်လုပ်ဆောင်ရေး၊ ပြည်သူလူထု သဘောထား၊ အမြင် စစ်တမ်းကောက်ယူရေး၊ ပူးတွဲသဘောထား ထုတ်ပြန်ရေးအပိုင်းများလည်း လုပ်ဆောင်နေကြောင်း နိုင်ပီတာက ဆက်ပြောသည်။

    တဖက်မှာလည်း စစ်အုပ်စုက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဝါဒဖြန့်မှုများ လုပ်ဆောင်နေသလို

    ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဝေဖန်သူများကိုလည်း ဖမ်းဆီးနေသည်။

    ရွေးကောက်ပွဲကို နိုင်ငံရေးနည်းလမ်းဖြင့် ဆန့်ကျင်ပြောဆို၍ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “မပျက်ပျက်အောင် ဖျက်တယ်ဆိုတာ နိုင်ငံရေးနည်းရှိတယ်။ အကြမ်းမဖက်နည်းရှိတယ်။ အကြမ်းဖက်နည်း ရှိတာကိုး၊ အကြမ်းဖက်နည်းနဲ့ လုပ်ရင်တော့ ရွေးကောက်ပွဲ ပျက် မပျက်တော့ မသိဘူး။ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီအဖွဲ့အစည်းတွေ အမျိုးသားပါတီတွေပေါ့၊ တချို့ကတော့ ပြည်ထောင်စုပါတီပေါ့၊ တချို့ကတော့ ရှမ်းပါတီ၊ ပအိုဝ်းပါတီ၊ ကရင်ပါတီ ဒီပါတီတွေရဲ့ ရပ်တည်မှုနဲ့ အမျိုးသားနိုင်ငံရေးကို သွားနှောက်ယှက်သလို ဖြစ်တာကိုး ဒါကြောင့် ဒီပါတီတွေ လှုပ်ရှားတာကို သွားပြီးတော့ ဒုက္ခပေးတယ်၊ ပါတီတွေနဲ့ ရန်သူဖြစ်မှာပေါ့၊ ရွေးကောက်ပွဲကို တရားမဝင်ဘူး၊ လက်မခံဘူး။ နိုင်ငံရေးအရ ပြောလို့ရတယ်။ အော်လို့ရတယ်။ ဒါပေမဲ့ ဖျက်လာလို့ရှိရင် အဲဒီရွေးကောက်ပွဲမှာ ပါဝင်မယ့် အမတ်လောင်းတွေ ဘာတွေ အဲဒီလူတွေကို သတ်တာ၊ ဖြတ်တာ၊ ပြန်ပေးဆွဲတာ လုပ်ရင်တော့ ဒါရာဇဝတ်မှု ဖြစ်မှာပေါ့၊ နိုင်ငံရေးနဲ့ မဆိုင်တော့ဘူး။ အဲဒါကို ခွဲခြားနိုင်ရင်တော့ ကောင်းပါတယ်။ ကျနော်တို့ ဆန့်ကျင်တဲ့လူတွေက” ဟု ပြောသည်။

    စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းသည် လက်နက်ကိုင်စစ်တပ်များက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရများကို ဖြုတ်ချနိုင်ခြင်း၊ နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချနိုင်ခြင်း၊ အနိုင်ရပါတီများကို ဖျက်သိမ်းနိုင်ခြင်း ဆိုသည့် သတင်းစကားပေးခြင်း ဖြစ်သွားနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်းဆိုထားသည်။

    ထို့ကြောင့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် အစိုးရများနေဖြင့် မြန်မာပြည်သူတို့၏ ဆန္ဒအမှန်ကို လေးစားအသိအမှတ်ပြုပါရန်၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအတွက် နည်းပညာအထောက်အပံ့ နှင့် ငွေကြေး ဆိုင်ရာအကူအညီများ ပေးအပ်ခြင်းမပြုရန်လည်း တောင်းဆိုခဲ့သည်။

    ပြည်သူများအနေဖြင့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို မဲမပေးခြင်း၊ ရွေးကောက်ပွဲ မတိုင်ခင် နှင့် ရွေးကောက်ပွဲကာလများတွင် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပါဝင်၍ ရကြောင်း NRFF ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ဆက်ပြောသည်။

    “အလိုအလျှောက်မဲပေးစနစ်မှာလည်း စစ်အုပ်စုက လုပ်ထားတဲ့ ပုံစံအရဆိုလို့ရှိရင် ဘယ်သူတွေကတော့ ဘယ်ပါတီကို မဲပေးလိုက်တယ်ဆိုတဲ့ဟာကို မှတ်ထားနိုင်လောက်တဲ့အထိ ရှိတဲ့ပုံစံမျိုး သူတို့ လုပ်ထားတဲ့ဟာ ရှိတယ်ပေါ့၊ ပြည်သူတွေအနေနဲ့က မဲရုံထဲ ဝင်သွားပြီဆိုတာနဲ့ ပယ်မဲပေးတာမျိုး မဲမပေးဘဲနဲ့ ထွက်လာတာမျိုး ဒါမျိုးတွေ လုပ်လို့ မရနိုင်တဲ့ အခြေအနေတော့ ဖြစ်မယ်ပေါ့၊ ဆိုတဲ့အခါကြတော့ အရိုးရှင်းဆုံး နည်းလမ်းကတော့ တော်လှန်ပြည်သူတွေအနေနဲ့ကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ သွားပြီး မဲမပေးတာမျိုးတွေလည်း ပါဝင်လို့ရတယ်။ နောက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလ ရွေးကောက်ပွဲ ကာလတွေမှာ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ပြီးလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့ ဖော်ထုတ်တာမျိုးတွေနဲ့ ပူးပေါင်းပါဝင်လို့ ရတယ်” ဟု ပြောသည်။

    စစ်အုပ်စုသည့် အပိုင်း (၁) ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts