Homeသတင်းတနင်္သာရီတိုင်းတွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင် တိုးလာ

တနင်္သာရီတိုင်းတွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင် တိုးလာ

-

တနင်္သာရီတိုင်းတွင် တိုက်ပွဲနှင့် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ တိုးလာပြီး အောက်တိုဘာလအထိ စစ်ဘေးရှောင် ၈၀၈၀၀ ကျော်အထိ တိုးလာခဲ့သည်။

စစ်ကော်မရှင်တပ်၏ ကျေးရွာများဘက် စစ်ကြောင်းထိုး ဝင်ရောက်လာမှု၊ စစ်ကြောင်းထိုးဝင်စဉ် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှု၊ လေကြောင်းတိုက်ခိုက်မှု များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးမှု များလာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ပြင်းထန်လာသည်နှင့်အတူ လေကြောင်းတိုက်ခိုက်မှုလည်း နှစ်ဆနီးပါး များလာသည်ဟု FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။

photo credit – ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

“စစ်ကြောင်းတွေက ရွာထဲကို ဝင်လာတယ်။ တိုက်ပွဲတွေကလည်း ပြင်းထန်တယ်။ ရွာမှာ လူတွေ မနေရဲကြဘူး အကုန်ထွက်ပြေးနေရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကလည်း နေ့တိုင်းလိုလို ရှိနေတယ်” ဟု စစ်ရှောင်းအရေး ကူညီသူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းအတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့် မှတ်တမ်းတင်နေသည့် FE5 Tanintharyi အဖွဲ့၏ အချက်အလက်များအရ ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ပြည်သူ အနည်းဆုံး ၃၆၈၀၀ ကျော် ရှိသည်။

မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်များတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ အနည်းဆုံး ၄၄၀၀၀ ကျော် ရှိသည်။

ပုလောမြို့နယ်တစ်ခုတည်းတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ ၂၀၀၀၀ ကျော် ရှိပြီး ၎င်းအနက် ပုလောစစ်ရှောင်စခန်းတွင် နေထိုင်သူ ၃၀၀၀ ဝန်းကျင်ရှိပြီး အများစုမှာ နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တနင်္သာရီမြို့နယ်တွင်လည်း စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရက်ရှည် တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည် သူ ၂၁၀၀၀ ခန့် ရွာလုံးကျွတ် လပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

တိုက်ပွဲပြင်းထန်နေသည့် ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ တနင်္သာရီ၊ ကျွန်းစု၊ ဘုတ်ပြင်း ပုလောမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်ဘက်က ဆန်၊ ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ထားသည်။

“စစ်အာဏာရှင်တပ်၏ ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားမှုကြောင့် စစ်ဘေးရှောင်အများစုက ဆေးဝါး ပြတ်လပ်မှုများ ကြုံတွေ့နေရသလို အသုံးအဆောင်ပစ္စည်းများလည်း ဈေးမြင့်တက်မှု ကြုံနေရတယ်” ဟု FE5 Tanintharyi ဆိုသည်။

စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး စစ်ဘေးရှောင် အရေအတွက် အပြောင်းအလဲ ရှိသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် အမှတ် (၈) ပြည်ထောင်စုလမ်း ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတစ်လျှောက်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရးလမ်းပိုင်းတစ်လျှောက်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်ဘက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts