Homeသတင်းရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ-၅၉၁ တပ်ရင်း တိုက်ခိုက်ခံရ

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ-၅၉၁ တပ်ရင်း တိုက်ခိုက်ခံရ

-

(YRF) လူငယ်တော်လှန်ရေးအဖွဲ့ နှင့် KNLAတပ်ရင်း (၂၇) တပ်ခွဲ(၅)တို့မှ ပူးပေါင်းပြီး ရေးမြို့နယ်အခြေစိုက် ကျောင်းရွာရှိ အကြမ်းဖက်စစ်တပ် ခမရ-၅၉၁ တပ်ရင်းကို ယမန်‌နေ့ မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု လူငယ်တော်လှန်ရေးအဖွဲ့ (YRF) က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် ရေးမြို့နယ်အခြေစိုက် စကခ-၁၉ လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည့် ကျောင်းရွာရှိ ခမရ-၅၉၁ တပ်ရင်းကို ၄၀ မမ သုံးလုံးပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ လာရောက်တိုက်ခိုက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ကျနော်တို့‌ လူငယ်တော်လှန်ရေးအဖွဲ့ နဲ့ (KNLA) တပ်ရင်း (၂၇) တပ်ခွဲ(၅)တို့နဲ့ ပူးပေါင်းပြီးတော့ ကျောင်းရွာမှာရှိတဲ့ စစ်ကောင်စီ ခမရ -၅၉၁ တပ်ရင်းကို လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်ခတ်ခဲ့တယ်။ ရန်သူ့ဘက်က ၁ဦးသေဆုံးတယ်လို့ တိတိကျကျသိရတယ် ၃ယောက်အထက်တော့ဒဏ်ရရှိတယ်လို့ ကျနော်တို့ စစ်ရေးအရပြန်လည်စုံစမ်းတဲ့အခါမှာ သိရတယ်” ဟု (YRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှု မလုပ်ဆောင်သော်လည်း တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ ပြန်လည်ဆုတ်ခွာစဉ် ရေးမြို့နယ်အခြေစိုက် အမြှောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီစစ်ကူအဖွဲ့များ စစ်ကားနှစ်စီးဖြင့် ခမရ-၅၉၁တပ်ရင်းသို့ ရောက်ရှိလာပြီး စစ်အင်အားများ ထပ်မံဖြည့်တင်းကာ လုံခြုံရေးလည်းအထူးတင်းကြပ်ထားပြီး ရွာအတွင်းနှင့် အနီးတဝိုက်နေရာများကို စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

“ပစ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ စစ်ကားနှစ်စီးစစ်သားအပြည့်နဲ့ ရောက်လာပြီး ရွာအတွင်းနဲ့ လမ်းပိုင်းတွေမှာ စစ်ဆေးမှုများ ပြုလုပ်တယ်လို့ သိရတယ်။ လူငယ်တွေကို အဓိကထားပြီးစစ်‌ဆေး‌တယ် မနေ့ကရော ဒီနေ့ရော စစ်ဆေးမှုတွေ တင်းကြပ်ထားတယ်” ဟု အထက်ပါ (YRF)မှ တာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်နေ့ကလည်း သံဖြူဇရပ်မြို့အဝင်အထွက်ပေါက်ဖြစ်သည့် အကြမ်းဖက်စစ်တပ်၏ ဖောင်စိန်စစ်ဆေးရေးဂိတ် (Tollgate)ကို မုဒုံမြို့နယ်ရှိ ရာမညတပ်တော် (RMA) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts