Homeသတင်းဖက်ဒရယ်မျှော်မှန်းချက်ကို မွန်လူမျိုးများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်မည်ဟု BUFF မှ သဝဏ်လွှာပေးပို့

ဖက်ဒရယ်မျှော်မှန်းချက်ကို မွန်လူမျိုးများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်မည်ဟု BUFF မှ သဝဏ်လွှာပေးပို့

-

တိုင်းရင်းသားလူမျိုးတိုင်းအတွက် အရေးပါသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုများကို အခြေခံသော ဖက်ဒရယ်မျှော်မှန်းချက်ကို မွန်လူမျိုးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ပဲခူးယူနစ်ဖက်ဒရယ်အင်အားစု (Bago Unit Federal Forces – BUFF) မှ သဝဏ်လွှာတစ်ခု ထုတ်ပြန်ခဲ့သည်။

သဝဏ်လွှာတွင် မွန်လူမျိုးများအပါအဝင် လူမျိုးတိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေများ အသီးသီးရှိခဲ့ကြပြီး သီးခြားနိုင်ငံထူထောင်နေထိုင်ကြသည့် လူမျိုးများဖြစ်သည်။

သို့သော် မွန်လူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်တကွ အခြားသောလူမျိုးများနှင့်အေးအတူပူအမျှယှဉ်တွဲနေထိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယနေ့အချိန်ထိ တန်းတူညီမျှမှုအပြည့်အဝ ရရှိနိုင်ခြင်းမရှိဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ၊ အချုပ်အခြာစသည်တို့ကိုသာ ချေမွဖျက်ဆီးခံနေရသဖြင့် တော်လှန်ရေးစစ်ဆင်ရေးများ ထပ်မံဆင်နွှဲနေရသည်။

ထို့ကြောင့် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ လူမျိုးကြီးဝါဒအစွဲများ၊ လူမျိုးတစ်မျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် လျစ်လျူရှုခဲ့မှုများကို အပြီးတိုင်ဖြုတ်ချဖျက်ဆီးပြီး လူမျိုးတိုင်းအတွက် တရားမျှတမှုနှင့် တန်းတူညီမျှမှုကိုအာမခံနိုင်သည့်ဖက်ဒရယ်စနစ်သစ်တည်ဆောက်ရေးတွင် မွန်လူမျိုးများနှင့်အတူ BUFF အနေဖြင့် တာဝန်ယူပူးပေါင်း ဆောင်ရွက်သွားမည် ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

 BUFF အပါအဝင် တော်လှန်ရေးအဖွဲ့များမှ မွန်လူမျိုးများ၏ တိုက်ပွဲသမိုင်းကို လေးစားအမှတ်ရပြီး ယနေ့ခေတ်အတွက် သက်ဆိုင်သော နိုင်ငံရေးသဘောတရားများနှင့်ချိတ်ဆက်၍ ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် နိုင်ပန်သာ၊ နိုင်မောင်သိမ်းတို့ ဦးဆောင်၍ မျိုးချစ်လူငယ် ၂၇ ဦးမှ ဇာသပြင်ရွာ၌ ကာကွယ်ရေးလက်နက်များကို သိမ်းဆည်းခဲ့သည့် ဖြစ်ရပ်အား အထိမ်းအမှတ်အဖြစ် မွန်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး၊ ယခုနှစ်တွင် (၇၈) နှစ်အထိ ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

မွန်အမျိုးသားများ၏ တော်လှန်ရေးသည်  (၇၈) နှစ်တိုင် ကြာမြင့်ခဲ့သော်လည်း မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေးအတွက် အခွင့်အရေးမရရှိသေးသည့်အပြင် ဖိနှိပ်ခံ၊ချိုးဖောက်ခံနေရဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts