Homeသတင်းတနင်္သာရီမြို့နယ်တွင် စားနပ်ရိက္ခာမပြတ်စေရေး မိုးစပါးကိုရသမျှနည်းဖြင့် စိုက်ပျိုးနေ

တနင်္သာရီမြို့နယ်တွင် စားနပ်ရိက္ခာမပြတ်စေရေး မိုးစပါးကိုရသမျှနည်းဖြင့် စိုက်ပျိုးနေ

-

တနင်္သာရီမြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုနှင့် စစ်ဘေးရှောင်နေရသည့်အတွက် မိုးစပါးကို စနစ်တကျမစိုက်ပျိုးနိုင်ဘဲ ရိက္ခာမပြတ်စေရန်အတွက် ရသမျှနည်းဖြင့် လုပ်ကိုင်နေကြရသည်ဟု ဒေသခံတောင်သူနှင့် နီးစပ်သူတို့မှ သိရသည်။

 ဒေသအလိုက် စိုက်ပျိုး၍ရသည့်နေရာတို့တွင် မိုးစပါကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲတတ်သည့် လယ်ကွင်းအနီးနားတစ်ဝိုက်မှ တောင်သူတို့ လုပ်ငန်းရပ်နားထားရသည့်အခြေအနေတွင် ရှိနေသည်ဟု တနင်္သာရီမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“မစိုက်ဖြစ်တဲ့ဒေသရယ်တော့ သိပ်မရှိဘူး၊အချိန်မှီမစိုက်ဖြစ်ဘူး၊ အရင်လိုမျိုးစနစ်တကျမစိုက်ဖြစ်ဘူး၊ စပါးကလည်းမရှိမဖြစ် လိုအပ်ချက်ဖြစ်တော့ စပါးစိုက်ပျိုးရေးအတွက်လိုအပ်တာတွေကို အဆင်ပြေအောင် ရှာကြံပြီးခက်ခက်ခဲခဲနဲ့ လုပ်နေကြရတာရှိပါတယ်။ အချို့လယ်ရှင်တွေဆိုရင်တော့ မစိုက်တော့တာမျိုးလည်းရှိကြပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ စိုက်ပျိုးနေသည့်တောင်သူတို့ ကြဲခင်းစနစ်ဖြင့်သာ စိုက်ပျိုးထားကြောင်းနှင့် မရိတ်သိမ်းနိုင်မည်ကိုလည်း စိုးရိမ်နေရကြောင်း ဆိုသည်။

ပြီးခဲ့သည့်ဇွန်လအတွင်း လောင်းလုံးမြို့နယ်၊ကညုံကျွန်းရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်မှရည်ရွယ်ချက်ရှိရှိ ၁ လနီးပါးခန့် စခန်းချကာ တပ်စွဲထားသဖြင့်  ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရပြီး လုပ်ငန်းခွင်ဝင်ရန်နောက်ကျခဲ့ရသည်။

ထို့အတူ သရက်ချောင်းမြို့နယ်ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်များသည် တစ်နိုင်တစ်ပိုင် လယ်ယာလုပ်ငန်းလုပ်နေစဉ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိမ်းရှောင်ထွက်ပြေးနေရပြီး ဆုံးရှုံးမှုများနေကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကပြောသည်။

“ စစ်ကြောင်းဝင်လာရင်တော့ ဆုံးရှုံးရတာရှိတယ်။ အဓိက စပါးစိုက်တာက မြိတ်မြို့နဲ့နီးတဲ့ရွာတွေမှာပဲ စိုက်ကြတယ်။ လက်ရှိ အဲဒီနေရာတွေမှာတော့ ထိခိုက်မှုတော့သိပ်မရှိဘူးလို့ ပြောရမယ်” ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်းတွင် လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံလုပ်ငန်းနှင့် ရေလုပ်ငန်းတို့ကို အဓိကလုပ်ကိုင်နေပြီး တစ်ဖက်တွင် စစ်တပ်မှ လောင်စာဆီသယ်ယူခွင့်ကန့်သတ်ထားသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အခက်အခဲများစွာကြုံတွေ့နေရသည်ဟုလည်း ၎င်းကဆက်ပြောသည်။

 ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ တနင်္သာရီမြို့နယ်တို့တွင် တော်လှန်ရေးအားကောင်းသည့် နယ်မြေဖြစ်သည့်အတွက် မွန်နှင့်တနင်္သာရီအစပ် မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဆန်နှင့်စားနပ်ရိက္ခာသယ်ယူပို့ဆောင်မှုကိုစစ်ကောင်စီမှ ပိုမိုတင်းကြပ်စွာစစ်ဆေးလျက်ရှိပြီး စားနပ်ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်တို့ တိုးလာနေသည်။

ထို့ကြောင့် မိုးစပါးကို စားနပ်ရိက္ခာအတွက် ရသမျှနည်းဖြင့် စိုက်ပျိုးနေရပြီး စားနပ်ရိက္ခာအချို့ကိုလည်း ဒေသခံတို့ ဝယ်ယူစုဆောင်းမှု လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts