တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် မဲတောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အောင်မြင့်ကို ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့က မူးယစ်ဆေးဝါရောင်းဝယ်ခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခြင်း၊ စစ်မှုထမ်းများအတွက် ကျေးရွာအုပ်စုများအတွင်း ငွေကြေးကောက်ခံခြင်း ပြုလုပ်နေသည့် ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချူပ်ရေးမှူး ဦးအောင်မြင့်ကို ဖမ်းဆီးရန် မြိတ်ခရိုင်အမှတ် ၂ လက်အောက်ခံတပ်ဖွဲ့တို့က ၎င်းနေအိမ်သို့ သွားရောက်ခဲ့သည်။

မဲတောအုပ်ချူပ်ရေးမှူး အောင်မြင့်ဆိုသူက ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် လူမိုက်အပေါင်းအပါးများကို ခေါ်ဆောင်လာပြီး တုတ်ဓားများနှင့် တော်လှန်ရေးအဖွဲ့တို့ကို ပြန်လည်ခုခံသည့်အတွက် သေနတ်ဖောက်ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး အောင်မြင့်ဆိုသူကို ဖမ်းဆီးခေါ် ဆောင်လာနိုင်ခဲ့သည်။
ထိုနောက် ဇူလိုင်လ ၅ ရက်နေ့၊ ညနေ ၁၀ ကျော်အချိန်ခန့်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးက တော်လှန်ရေးတပ်ဖွဲ့များ တည်ရှိရာနေရာကို ပစ်ခတ်ချီတက်လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နေရာယူအလုပ်များနေသည်ကို အခွင့်ကောင်းယူပြီး မဲတောကျေးအုပ်ချူပ်ရေးမှူး အောင်မြင့်ဆိုသူက ဆဲဆိုအော်ဟစ်ပြီး ထွက်ပြေးသည့်အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်သည်။
“အောင်မြင့်ကို သွားဖမ်းတုန်းက သူတို့အဖွဲ့က ကျနော်တို့ကို တုတ်ဓားတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်လို့ သေနတ်ဖောက်ပြီး အပေါင်းအပါလူမိုက်တွေက ထွက်ပြေးသွားကြတယ်။ အောင်မြင့်ကိုတော့ ဖမ်းလာခဲ့တယ်။ ဖမ်းလာပြီးတော့ စစ်သင်္ဘောကနေပြီး ကျနော်တို့နေရာကို ပစ်ခတ်လာတယ်။ ကျနော်တို့တပ်ဖွဲ့ဝင်တွေ နေရာယူအလုပ်ရှုပ်နေတာကို အခွင့်ရေးယူပြီးတော့ ထွက်ပြေးတဲ့အတွက် လိုက်ပြီးတော့ ပစ်ခတ်ရှင်းလင်းရတာ ဖြစ်တယ်” ဟု မြိတ်ခရိုင်တပ်ရင်း ၂ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ကို ရပ်တန့်ပေးရန် မဲတောကျေးရွာအုပ်ချူပ်ရေးမှူး အောင်မြင့်ဆိုသူကို တော်လှန်ရေးအဖွဲ့တို့က အကြိမ်ကြိမ် သွားရောက်သတိပေးနေသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေသည့်အတွက် သွားရောက်ဖမ်းဆီးရခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်တွင် မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူးရောင်းချနေသည့် စစ်ကောင်စီထောက်တိုင်များဖြစ်သည့် အေးချမ်းသာကျေးရွာနေ ချောကလက်ဆိုသူနှင့် ဆိပ်ဖူးအုပ်ချူပ်ရေးမှူး ဦးလှနိုင်တို့ကို တော်လှန်ရေးအဖွဲ့တို့က အကြိမ်ကြိမ် သတိပေးသည်ကို နားမထောင်ဘဲ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။


