Homeသတင်းဗိုလ်မှူးကြီး စောချစ်သူပိုင် ကုမ္ပဏီကို စစ်ကောင်စီ အမည်ပျက်သွင်းမှုကြောင့် ဆက်ဆံရေး မပျက်စီးဟု BGF ဆို

ဗိုလ်မှူးကြီး စောချစ်သူပိုင် ကုမ္ပဏီကို စစ်ကောင်စီ အမည်ပျက်သွင်းမှုကြောင့် ဆက်ဆံရေး မပျက်စီးဟု BGF ဆို

-

ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် သားသမီးများ ပိုင်ဆိုင်သည့် ကုမ္ပဏီကို ပို့ကုန်ရငွေ ပြန်မသွင်းဟုဆိုကာ စစ်ကောင်စီက ဇူလိုင် ၁ ရက်နေ့က အမည်ပျက်စာရင်း ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်မပေးသွင်းသည့် ဗိုလ်မှူးကြီး စောချစ်သူပိုင် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်ပျက်စာရင်းတွင် စစ်ကောင်စီက ဖော်ပြလာခြင်းဖြစ်သည်။

BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ထွေထွေထူးထူးပြောစရာ ဘာမှ မရှိပါဘူး။ စစ်တပ်နဲ့ ဆက်ဆံရေးကတော့ ဒီအတိုင်းပါပဲ မပြောင်းလဲပါဘူး။ ကိုယ်တို့က အရင့်အရင်အတိုင်းပဲ ဆက်သွားနေတာမျိုးရှိတယ်။ နောင်လဲ ဒီလိုပဲ ဆက်သွားမှာပဲ။ နောင်လဲ ဒီလိုပဲ ဆက်သွားမယ်ဆိုတာက အဲ့လိုပေါ့ ကိုယ်တို့ ဆုံးဖြတ်ထားတာက ဘယ်သူ့ကိုမှ ရန်သူမလုပ်ဘူး။ မိမိဒေသကို အေးချမ်းတည်ငြိမ်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်။ ဒီဆန္ဒတစ်ခုပဲရှိပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အာရှနိုင်ငံများသို့ ပို့ကုန်ပို့လျှင် တင်ပို့ပြီး ရက်(၃၀)အတွင်း၊ အခြားနိုင်ငံများသို့ ပို့လျှင် ရက်(၆၀)အတွင်း တင်ပို့မှုမှ ရငွေကို နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းပြန်သွင်းရမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်အား ပျက်ကွက်မှုကြောင့် ယခုကဲ့သို့ အမည်ပျက်သွင်းခြင်းဖြစ်သည်။

ချစ်လင်းမြိုင်ကုမ္ပဏီ၏ ဒါရိုက်တာအမည်စာရင်းတွင် ဦးစံမြင့်ခေါ် ဗိုလ်မှူးကြီးစောချစ်သူ၊ ၎င်း၏ သမီးဖြစ်သူ ဒေါ်နန်းနှင်းနန္ဒာအေးနှင့် သားဖြစ်သူ စောထူးအဲမူးတို့ ပါဝင်ပြီး ရှယ်ယာ ၆၀ ရာခိုင်နှုန်ကျော် ထည့်ဝင်ထားကြောင်း Justic for Myanmar ၏ အချက်အလက်များအရ သိရသည်။

တစ်ဘက်တွင်လည်း စစ်တပ်က ပေးသည့် လစာနှင့် အထောက်အပံ့ကို ယူနေရသည့် BGF အဖြစ်မှ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲ ဖွဲ့စည်းမည်ဟု ၂၀၂၄ ခုနှစ်တွင် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

စစ်တပ်က BGF အရာရှိပိုင် ကုမ္ပဏီကို အမည်ပျက်သွင်းပြီးနောက် BGF အဖြစ် ဆက်လက်ရပ်တည်မည်လား၊ KNA အဖြစ် ရပ်တည်တော့မည်လားဆိုသည့် မေးခွန်းအပေါ် ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ယခုကဲ့သို့ တုံ့ပြန်သည်။

“ဒါကတော့ ကျွန်တော်တို့ ထုတ်ပြောဖို့ နည်းနည်းစောတယ်။ မကြာခင်ကျွန်တော်တို့ မကြာခင်ကာလမှာ အဖြေတစ်ခုထွက်လာမှာပေါ့လေ” ဟု ဆိုသည်။

BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်တွင် ကျားဖြန့်များ အခြေချလုပ်ကိုင်နေသည်ဆိုသည့် သတင်းကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများက ဖိအားပေး ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် BGF က ဦးဆောင်ကာ ကျားဖြန့်ဂိုဏ်းများကို ဝင်ရောက်ဖမ်းဆီးပြီး ၈၀၀၀ ကျော်အားလွှဲပြောင်းထားကာ ဆက်လက်လွှဲပြောင်းမှုများ လုပ်နေကြောင်း BGF ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts