Homeသတင်းဥရောပ-အာရှ စီးပွားရေး သမဂ္ဂအဖွဲ့ဝင်ဖြစ်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

ဥရောပ-အာရှ စီးပွားရေး သမဂ္ဂအဖွဲ့ဝင်ဖြစ်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

-

မြန်မာနိုင်ငံအနေနဲ့ ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) မှာ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် လေ့လာနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပသော ဥရောပ – အာရှ (EEF) စီးပွားရေးဖိုရမ် တက်ရောက်ခဲ့ပြီး မြန်မာပြည်သို့ ပြန်ရောက်ချိန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EAEU ရဲ့ လေ့လာခွင့် ရရှိတဲ့နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစားဆောင်ရွက်မှု လည်း အောင်မြင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ EAEU အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ရုရှားတို့အခြားအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံကို လက်ခံတယ်လို့ ကျနော်တို့ မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) ကို ရုရှားနိုင်ငံက ဦးဆောင်ပြီး ဘယ်လာရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်နှင့် ကာဂျစ်စတန်နိုင်ငံများဖြင့် ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းထားသည်။

မြန်မာအနေဖြင့် EAEU အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းများ၊ အလုပ်သမားများ လွတ်လွတ်လပ်လပ်ပို့ဆောင်ခြင်း၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းများတွင် ညှိနှိုင်းလုပ်ဆောင်မှုများ ရရှိမည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီသည် ရုရှားနှင့် နီးကပ်သော ဆက်ဆံရေး ရှိလာခြင်းကြောင်း ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံ ဖြစ်ချေရှိကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ဦးဇော်မင်းနိုင်က ပြောသည်။

“Political အရတော့ ဖြစ်နိုင်တယ်ဗျ၊ ဘာလို့ဆို ၂၀၂၁ အာဏာထိန်းတယ်လို့ ခေါ်မလား၊ သိမ်းတယ်လို့ ခေါ်မလား၊ သူတို့ အဓိပ္ပာယ်ဖွင့်ဆိုသလိုပေါ့။ အဲဒီနောက်ပိုင်းမှာဆိုလို့ရှိရင် ရုရှားနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိလာတာ တွေ့ရတယ်ပေါ့နော်၊ ဆိုတော့ ဒီအနေအထားအရ ဆိုလို့ရှိရင် အခုဆို SAC ရဲ့ ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကဆိုရင် သူတို့သည် မြန်မာပြည်ကို ဒီအဖွဲ့ဝင်အနေနဲ့ လက်ခံပေးဖို့ဆိုတဲ့ဟာက ဖြစ်နိုင်ချေ ရှိတယ်ပေါ့နော်၊ ဒါက Political alignment အရ ကြည့်တာပေါ့နော်။ Geopolitical partner အနေနဲ့ သူတို့က မြန်မာပြည်ကို ထည့်ပြီး စဉ်းစားလာတာပေါ့နော်၊ အဓိကတော့ Geopolitics အရ Southeast Asia (အရှေ့တောင်အာရှ) မှာ မြန်မာက အရေးပါတဲ့ နေရာမှာ ရှိတာပေါ့နော်၊ သူ့ရဲ့ ပထဝီဝင်အနေအထားအရပေါ့၊ ဒီနေရာမှာ အမေရိကနဲ့ US နဲ့ သူတို့ ကစားတဲ့အခါမှာ မြန်မာပြည်ဟာ သူတို့အတွက် Geopolitical partner အနေနဲ့ ရုရှား ရှု့မြင်တာပေါ့၊ ဒါကြောင့် ဖြစ်နိုင်ချေ Political အရတော့ ဖြစ်နိုင်တာပေါ့နော်” ဟု ပြောသည်။

ရုရှားသည် နိုင်ငံတကာ၏ ကန့်သတ်ပိတ်ဆို့မှုများဖြင့် ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံသည်လည်း EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်သွားပါက လက်ရှိ ရှိရင်းစွဲ နိုင်ငံတကာ ပိတ်ဆို့မှု သာမက အဆိုပါ အနောက်နိုင်ငံများ၏ ကန့်သတ်ပိတ်ဆို့မှုများလည်း ရင်ဆိုင်ရနိုင်ကြောင်း ဦးဇော်မင်းနိုင်က ဆက်ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို အနောက်နိုင်ငံများက ကန့်သတ်ပိတ်ဆို့မှုများ လုပ်ဆောင်နေပြီး လက်ရှိ ပြည်တွင်းမှာ စီးပွားရေး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေမှု စသည့်အခြေအနေများ ရှိနေချိန် ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) အဖွဲ့နိုင်ငံဖြစ်ရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိနေသည်။

ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) သည် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်စေရန် ရည်ရွယ်ပြီး ဖွဲ့စည်းထူထောင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts