Homeသတင်းတနင်္သာရီတိုင်းတွင် တစ်လအတွင်း စစ်ဘေးရှောင် ၈၀၀၀၀ ကျော်တိုးလာ

တနင်္သာရီတိုင်းတွင် တစ်လအတွင်း စစ်ဘေးရှောင် ၈၀၀၀၀ ကျော်တိုးလာ

-

တနင်္သာရီတိုင်းတွင် မေလတစ်လအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတစ်ဝိုက် စစ်ကြောင်းထိုးစဉ် အရပ်သားဖမ်းဆီးမှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင် ၈၀၈၀၀ ကျော်ရှိနေသည်ဟု သိရသည်။

လက်ရှိတွင် မိုးတွင်းကာလဖြစ်သဖြင့် တိုက်ပွဲဖြစ်ပွားမှုနည်းသော်လည်း လေကြောင်းတိုက်ခိုက်မှုများနေကြောင်း FE 5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။

မေလအတွင်း ထားဝယ်နှင့်လောင်းလုံးတွင် စစ်ရေးတင်းမာနေပြီး ရွာလုံးကျွတ်နေရပ်စွန့်ခွာခဲ့ရသည့်ဒေသခံတို့ လက်ရှိအချိန်ထိစစ်ဘေးရှောင်နေရဆဲဖြစ်သည်ဟု FE 5 Tanintharyi တာဝန်ခံကိုကျော်ကပြောသည်။

“ထားဝယ်နဲ့လောင်းလုံးမှာစစ်ရေးတင်းမာနေတယ်၊ အခုထိ ပဲသူတို့တွေ ရွာလုံးကျွတ် ရှောင်နေရတာတွေရှိတယ်၊ စခန်းသိမ်းတိုက်ပွဲတွေလုပ်နေတဲ့ ထီးခီးဘက်မှာဆိုလည်း အခုထိရှောင်နေရတုန်းပဲ အခုက မိုးရာသီဆိုတော့ တနင်္သာရီတိုင်းမှာက မိုးလေပြင်းတယ် စစ်ရှောင်ကူညီရေးအဖွဲ့တွေရှိတယ် ဒါပေမဲ့ စစ်ဘေးရှောင်ကများတော့ ထင်သလောက်မကူနိုင်ဘူး သူတို့မှာလည်း အခက်အခဲတွေများတယ်”ဟု ၎င်းကပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များမှလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့်ပြည်သူ အနည်းဆုံး ၄၁၈၀၀ ကျော်ရှိခဲ့သည်ဟု တာဝန်ရှိသူက ဆက်ပြောသည်။

၎င်းပြင် မြိတ်ခရိုင်၊ ပုလော၊ တနင်္သာရီ၊ မြိတ်နှင့်ကျွန်းစုမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားမှု၊ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာသူ အနည်းဆုံး ၃၇၀၀၀ ကျော်ရှိပြီး စစ်ရှောင်စခန်း မဟုတ်သည့် တောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်တို့တွင် တိမ်းရှောင်နေသည်။

တစ်ဖက်တွင် မိုးရာသီကာလကာလအတွင်း ငါးဖမ်းလုပ်ငန်း၊ ငါးပိ ငါးခြောက်လုပ်ငန်း၊ ပန်းရံ လုပ်ငန်းတို့ ရပ်နားထားရစဉ် တနသာင်္ရီဒေသခံတို့ စစ်ကောင်စီ၏ စားနပ်ရိက္ခာတင်သွင်းခွင့်ကန့်သတ်ထားမှုကြောင့် ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်မှုနှင့်ရင်ဆိုင်နေရပြီး စားဝတ်နေရေးခက်ခဲနေကြောင်းလည်း သိရသည်။

ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်နှင့် ဒေသခံများအားလုံး မိုးရာသီကာလတစ်လျှောက်တွင် ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲများနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့လည်း များစွာရှိနေသည်။

ပြီးခဲ့သည့် မေလအတွင်း တနင်္သာရီတိုင်းဒေသ၌ တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး၊စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု ၁၉ ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်းရှိခဲ့သည်။

စစ်အာဏာသိမ်း ၄ နှစ်အတွင်း မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာရသူ ၃ သန်းခွဲကျော်ရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ထုတ်ပြန်ထားပြီး ပဋိပက္ခနှင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များဖြင့် ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts