Homeသတင်း7 EAO Alliance က ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်ချမှတ်

7 EAO Alliance က ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်ချမှတ်

-

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance က ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

7 EAO Alliance အဖွဲ့၏ ဦးဆောင်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ နှစ်ရက်တာ ဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က “ကျနော်တို့ ဒီနှစ်ရက်တာ အစည်းအဝေးမှာဆိုရင် ဒီကိစ္စကိုပဲ အဓိကထားပြီး ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးသလိုပဲ ကျနော်တို့ အနေနဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ရှေ့လုပ်ငန်းစဉ်တွေလည်း ချမှတ်နိုင်ခဲ့ပါတယ်။ ချုပ်ပြောလိုက်မယ်ဆိုရင် ဒီနှစ်ရက်တာ အစည်းအဝေးမှာ ကျနော်တို့ စုဖွဲ့မှုထဲမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ရှေ့လုပ်ငန်းစဉ်လို့ပဲ ပြောမလား၊ ကျနော်တို့ အခေါ်အနေနဲ့ကတော့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်ဆိုပြီးတော့ အဆင့် ၅ ဆင့်ရှိပါတယ်။ ကျနော်တို့အနေနဲ့ လမ်းပြမြေပုံလို့တော့ ခေါ်ဖို့ အစီအစဉ် မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး နိုင်ငံတစ်နှံတစ်လျား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အကျပ်အတည်းတွေ ကျော်လွှားဖို့ဆိုရင် ကျနော်တို့ ၇ ဖွဲ့ထဲနဲ့လည်း လက်တွေ့အားဖြင့်လည်း သဘာဝမကျဘူးပေါ့လေ” ဟု ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်များတွင် သက်ဆိုင်သူများအားလုံး ကြိုတင်စည်းကမ်းသတ်မှတ်ချက် တစ်စုံတစ်ရာ မထားဘဲ တစ်နိုင်ငံလုံး အပစ်ရပ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးပွဲ လုပ်နိုင်ရေး ကတိကဝတ်များ ကြိုတင်ယူရန်၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းနိုင်ရေး အခြေခံဥပဒေ ရေးဆွဲရန်နှင့် ရေးဆွဲအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ရွေးကောက်ကို ကျင်းပရန်တို့ ပါရှိသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး အဘက်ဘက်က ယိုယွင်းကျဆင်းလျက်ရှိနေသည်။

အဆိုပါ နိုင်ငံရေး အကျပ်အတည်းများကို ကျော်လွှားနိုင်ရေး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့်သာ ဖြေရှင်းရမှာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

“စစ်ရေးဘောင်က ကျယ်တယ်။ နိုင်ငံရေးဘောင်က ကျဉ်းနေတယ်။ နိုင်ငံရေးဘောင်က ပြန်ကျယ်လာမယ်။ စစ်ရေးဘောင်ကို ပေးကျဉ်းချင်တယ်ဆိုရင်တော့ လက်ရှိ ကျနော်တို့ တစ်နိုင်ငံလုံး ဖြစ်ပေါ်နေတဲ့ ဒီလိုမျိုး ပကတိ အခြေအနေအောက်မှာတော့ ကျနော်တို့ တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့ထဲနဲ့ ရုန်းကန် ပြန်ထနိုင်ဖို့ကတော့ အများကြီး အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အားလုံးမှာက ကျနော်တို့က နားလည်မှု ယူထားပြီးသား ကျနော်တို့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ အကျပ်အတည်းလို့ ပြောမယ်ဆိုရင် ဒါက နိုင်ငံရေး ပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်း နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကလည်း ကျနော်တို့ အကုန်လုံး နားလည်ယူထားပြီးသား အခြေအနေတွေလည်း ရှိပါတယ်” ဟု ဆိုသည်။

စစ်ရေးပဋိပက္ခများ၊ သဘာဝဘေးများ ကြုံတွေ့နေရသော ပြည်သူတို့အတွက် မိမိတို့ 7 EAO Alliance က နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်း ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား နိုင်ငံအနှံ့အပြားတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သား သေဆုံးမှု၊ နေအိမ်ပျက်စီး မီးလောင်မှု၊ ဒေသခံပြည်သူတို့ ဘေးလွှတ်ရာ တိမ်းရှောင်မှုများ ရှိနေသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့သည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်ဟု အသီးသီးပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts