ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ထံမှ သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်ဌာနချုပ်နှင့် တပ်စခန်းများကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်လာခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးနားရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျေးရွာပေါင်း ၃၀ ခန့်မှ ဒေသခံပြည်သူ တစ်သိန်းနီးပါးက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“အဲဘက်မှာ ရှိတဲ့ ကရင်ရွာရော၊ မွန်ရော အားလုံး ၃၀ ရွာက ဒေသခံပြည်သူ တစ်သိန်းနီးပါးက ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ငွေကြေးရှိတဲ့သူတွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေ၊ မြို့ပေါ်မှာ ဆွေမျိုးရှိတဲ့သူတွေကတော့ မြို့ဘက်ကို တိမ်းရှောင်လာကြတယ်။ မွန်တွေက အထူးသဖြင့် မော်လမြိုင်၊ ကျိုက်မရောနဲ့ ဒီဂျိုင်းမြစ်တစ်ဖက်ကမ်းဘက်ကို တိမ်းရှောင်လာကြတာ များတယ်။ ကရင်တွေက ဘားအံဘက်ကို ပြေးကြတယ်။ တစ်ချို့ကျတော့လည်း တိုက်ပွဲမှာ ပိတ်မိနေသူတွေ ကတော့ ရော်ဘာခြံတွေ၊ တောတောင်တွေမှာ နေနေကြတာလည်း ရှိတယ်။ သူတို့(စစ်ကောင်စီ) လည်း မပေးထွက်တော့ဘူး” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်က ပြုစုထားသည့် စာရင်းများအရ ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ၊ ရဟန်းသံဃာတော်များအပါအဝင် အရပ်သားပြည်သူ ၂၀ ဦး သေဆုံးသွားခဲ့သည်။
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတဝိုက်တွင် စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းနေကြောင်း၊ ကျေးရွာများအတွင်းရှိ အိမ်များ၊ ဘာသာရေးအဆောက်အဦးများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ယနေ့အထိ ဆက်လက်လုပ်ဆောင်နေဆဲလို့လည်း နိုင်အဲမွန်က ဆက်ပြောသည်။
တိုက်ပွဲကြောင့် မော်လမြိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကော့ကရိတ်ဒေသခံ ရာနှင့်ချီရှိနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရထားသူများလည်း ရှိသည်ဟု မော်လမြိုင်မြို့က စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့ထံမှ သိရသည်။
“လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် မော်လမြိုင်ကို ရောက်လာတဲ့ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကို ဆေးကုသဖို့ ကျနော်တို့ ကူညီဆောင်ရွက်ပေးနေတယ်။ စစ်ရှောင်တွေက တစ်ချို့က ဘုန်းကြီးကျောင်းတွေမှာ နေတယ်။ တစ်ချို့ကလည်း ဆွေမျိုးအိမ်မှာ နေနေကြတာပေါ့။ လုံခြုံရေးကြောင့် အရင်တုန်းကလို စစ်ရှောင်တွေကို သူတို့ကျေးရွာတွေအထိ သွားကြိုပေးတာတွေ၊ သွားရောက်ကူညီပေးတာတွေတော့ လုပ်လို့မရတော့ဘူး။ ဒီကိုရောက်လာတဲ့ စစ်ရှောင်တွေကိုပဲ ကူညီပေးဖြစ်တယ်။ စစ်ရှောင်တွေက တစ်နေရာထဲမှာ တူတူနေနေကြတာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းတွေမှာ တစ်ကျောင်းကို ၂၀၊ ၃၀ အဲလိုပေါ့။ တစ်ချို့ကလည်း အိမ်ငှားပြီး နေနေတာလည်း ရှိတယ်လေ။ အရေအတွက် တိကျတော့ မသိဘူး” ဟု စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးနားတဝိုက်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဝန်းရံပိတ်ဆို့ထားသည့်အတွက် ကော့ကရိတ်နှင့် ကျုံဒိုးမြို့ကို ခံစစ်ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တို့က အနီးတစ်ဝိုက်က ကျေးရွာများဘက်ကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။