Homeသတင်းကော့ရိတ်မြို့နယ်၊ ကျုံးဒိုမြို့ရှိ စစ်တပ်ဌာနချုပ်နှင့် တပ်စခန်းများ ထိုးစစ်ဆင်ခံနေရ

ကော့ရိတ်မြို့နယ်၊ ကျုံးဒိုမြို့ရှိ စစ်တပ်ဌာနချုပ်နှင့် တပ်စခန်းများ ထိုးစစ်ဆင်ခံနေရ

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ စစ်ကောင်စီ တပ်ဌာနချုပ်နှင့် တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ကော့ကရိတ်မြို့ပြင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂)၊ ကျုံဒိုးမြို့ရှိ ခြေမြန်တပ်ရင်း ခမရ ၅၄၅၊ ၅၄၆ တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့သည်။

“ကော့ကရိတ်က စကခ ဌာနချုပ်ကို ဝင်တိုက်တာပေါ့နော်။ ဝင်တိုက်တဲ့အခါမှာ တပ်က မြို့ကိုအရင်ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ ကော့ကရိတ်မြို့ထဲက တပ်ရင်း ၃ ရင်းလောက်ရှိတယ်။ နောက် ကြာအင်းဆိပ်ကြီးကနေ ပို့ထားတဲ့ တပ်ရင်းတရင်း အမြောက်တပ်ရင်းတွေနဲ့ ခံစစ်ပြင်ထားတာပေါ့။ အခုက ဒီစကခ ၁၂ ဌာနချုပ်ပေါ့။ သူ့လက်အောက်မှာက ခြေလျင်၊ ခြေမြန် ၁၀ ရင်းလောက်ရှိတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

လက်တလော စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိတ်အချက်အလက်ကို ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိထားကြောင်း ဆိုသည်။

“၁၃ ရက်နေ့နောက်ပိုင်းမှာ ကျနော်တို့စတိုက်တာ မှန်ပါတယ်။ စစ်ဆင်ရေးကြီးလို့ပြောလို့ရပါတယ်။ စစ်ဆင်ရေးကို မျက်နှာပေါင်းစုံ ချနေတာ တချို့နေရာတွေ သူတို့ (စစ်တပ်) လက်လွှတ်နေရပြီ အဲဒါကြောင့်” ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ကရင်ပြည်နယ်တိုက်ပွဲများတွင် မွန်ပြည်နယ်မှ တော်လှန်ရေးတပ်ဖွဲ့အချို့လည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီဘက်ကလည်း ကရင်ပြည်နယ်အတွင်းရှိ တပ်စခန်းများ လက်မလွှတ်ရရေး ကုန်းကြောင်းအပြင် ရေးကြောင်းဖြင့် ဂျိုင်းမြစ်မှတဆင့် ထောင်နှင့်ချီအင်အားများ ဖြည့်တင်းနေကြောင်း သိရသည်။

၎င်းပြင် ဝေဟင်မှလည်း ဆက်တိုက်ဗုံးကြဲနေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်လာနေသည်။

တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် မြို့အဝင်အထွက်များကို စစ်ကောင်စီဘက်က ပိတ်ထားသည့်အတွင်း မြို့အတွင်း ပိတ်မိနေသူလည်း အများအပြားရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts