Homeသတင်းပြည်ပမှ အခမဲ့ ငွေလွှဲနိုင်ဟုဆိုသော်လည်း ဝန်ဆောင်ခပေးဆောင်နေရဆဲ

ပြည်ပမှ အခမဲ့ ငွေလွှဲနိုင်ဟုဆိုသော်လည်း ဝန်ဆောင်ခပေးဆောင်နေရဆဲ

-

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေ ယခုငလျင်ဘေးသင့်ကာလတွင် ပြည်တွင်းသို့ ငွေလွှဲမည်ဆိုပါက ဝန်ဆောင်ခ အခမဲ့ဖြင့် ငွေလွှဲပေးပို့နိုင်သည်ဟု KBZ ဘဏ်မှ ဧပြီလ ၄ ရက်နေ့တွင် ကြေညာခဲ့သော်လည်း ငွေလွှဲဝန်ဆောင်ခ ပေးနေရဆဲဖြစ်ကြာင်း KBZ customer များက ဆိုသည်။

ဧပြီလ တစ်လအတွင်း မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ပြည်သူများအတွက်ဖြစ်စေ၊ မိသားစုဝင်များကိုဖြစ်စေ ငွေလွှဲမည်ဆိုပါက နိုင်ငံခြားရှိ Western Union, Ria, Merchan trade စသည့် ငွေလွှဲဝန်ဆောင်မှုတို့မှတစ်ဆင့် KBZ Bank သို့မဟုတ် KBZ Pay Wallet သို့ ငွေလွှဲမှုတိုင်းအတွက် ဝန်ဆောင်ခကို အခမဲ့ဖြင့် ငွေလွှဲပေးပို့ခွင့်ပေးထားသည်ဟု ကမ္ဘောဇဘဏ်က အသိပေးကြေညာထားသည်။

သို့သော် ငွေလွှဲဝန်ဆောင်ခကို ပုံမှန်အတိုင်းပေးဆောင်နေရကြောင်း မွန်ပြည်နယ်မှ KBZ customer တစ်ဦးက ဆိုသည်။

“ဟိုဘက်က လွှဲတာမပေးဘူးဆိုရင် ဒီဘက်ကို သူတို့ယူတယ်။ ငွေလွှဲခကို ပေးရတယ်။ ပြီးတော့ သူငယ်ချင်းတွေကို မေးလည်း အရင်ကလိုပဲ ဘာမှမပြောင်းလဲဘူး၊ လွှဲခတွေ ပေးရတယ်” ဟု သူကပြောသည်။

အဆိုပါ ပြည်ပမှ အခမဲ့ ငွေလွှဲဝန်ဆောင်မှုပေးနေသည့် KBZ ကြေညာအောက်တွင်လည်း ဝန်ဆောင်ခပေးဆောင်နေရဆဲဖြစ်သည့် အသုံးပြုသူတို့ မှတ်ချက်ပြောဆိုမှု များစွာကိုလည်း တွေ့ရှိရသည်။

Western Union နှင့် Ria ငွေလွှဲဝန်ဆောင်မှုတို့သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအားလုံးသို့ ငွေလွှဲပေးပို့နိုင်ကြောင်းနှင့် Merchan trade ငွေလွှဲဝန်ဝန်ဆောင်မှုမှ မလေးရှား၊ ဂျပန်၊ ကိုရီးယားနှင့် စင်္ကာပူနိုင်ငံတို့တွင် ငွေလွှဲပေးပို့နိုင်ကြောင်း သိရသည်။

ထို့အပြင် ငွေလွှဲလက်ခံသူများ ကမ္ဘောဇဘဏ်ခွဲများနှင့် KBZPay Centers သို့ ငွေသားထုတ်ယူရာတွင် အကန့်သတ်ဖြင့်သာ ထုတ်ခွင့်ပေးပြီး ငွေကျပ် ၃၀ သိန်းအထိသာ ထုတ်ပေးနေသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် KBZ ဘဏ်တွင် ငွေလွှဲအပ်နှံမှု လုပ်ဆောင်မှုနည်းသွားကြောင်း မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“ဒီဘက်က ဘဏ်နဲ့လွှဲတဲ့သူတွေ အရမ်းနည်းလာတယ်၊ ဘာလိုဆိုအခက်ခဲနှစ်ခုရှိတယ်၊ ငွေထုတ်တဲ့ အခါမှာ ပြဿနာများတယ်၊ ကိုယ့်ဘဏ်မှာ ဝင်နေတာပဲ မှတ်ပုံတင်တွေဘာတွေ စစ်ဆေးမှုတွေ များတယ်။ ပြီးတော့ ငွေတွေလည်း ကန့်သတ်ထားတယ်။ အဲကြောင်းပွဲစားတွေနဲ့ပဲ လွှဲကြတော့တယ်”ဟု ထိုသူက ဆက်ပြောသည်။

နိုင်ငံတစ်ဝှမ်း ငလျင်ကပ်ဘေး ကြုံတွေ့နေရချိန်တွင် ငွေသားထုတ်ယူမှု မကန့်သတ်စေလိုကြောင်း ဆက်ပြောသည်။

ပြင်ထန်းငလျင်လှုပ်ခတ်မှု နောက်ပိုင်း ကမ္ဘောဇဘဏ် KBZ မှ ဘဏ်ဝန်ဆောင်မှု ပေးဆောင်ရာတွင် အားနည်းချက်တို့ရှိခဲ့ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်းပေးအပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းအပြင် ATM များကိုလည်း အချိန်နှင့်တပြေညီ ငွေသားဖြည့်တင်းနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း KBZ BANK လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားထားသည်။

ကမ္ဘာဇဖောင်ဒေးရှင်းမှ ငလျင်ဖြစ်ပွားသည့် မတ်လ ၂၈ ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝှမ်းတွင် ငလျင်ဒဏ်ခံနေရသည့် ပြည်သူတို့ထံ ကိုယ်တိုင်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts