Homeသတင်းမြဝတီနယ်စပ်မြို့မှတစ်ဆင့် ကျားဖြန့်ငွေလိမ်ဂိုဏ်အတွင်းပါဝင်ပတ်သက်သူ ထောင်နီးပါးအထိလွှဲပြောင်းနိုင်ခဲ့

မြဝတီနယ်စပ်မြို့မှတစ်ဆင့် ကျားဖြန့်ငွေလိမ်ဂိုဏ်အတွင်းပါဝင်ပတ်သက်သူ ထောင်နီးပါးအထိလွှဲပြောင်းနိုင်ခဲ့

-

ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မြို့နယ်စပ်မှတစ်ဆင့် ကျားဖြန့် ငွေလိမ်ဂိုဏ် အတွင်းပါဝင်ပတ်သက်နေသူ နိုင်ငံခြားသား ထောင်နီးပါးခန့်ကို ဖေဖော်ဝါရီလအတွင်း သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း သတင်းဌာနတို့မှ ဖော်ပြချက်များအရ သိရသည်။ 

ကနဦးအနေဖြင့် ကျားဖြန့်ဂိုဏ်းများအတွင်း လူကုန်ကူးခံထားရသူတို့ကို ထိုင်းအစိုးရသို့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA မှ ၂၆၁ ဦးနှင့် BGFအဖွဲ့မှ ၆၁ ဦးကို တိုက်ရိုက် လွှဲပြောင်းခဲ့သည့်အပြင် စစ်ကောင်စီ ဘက်မှလည်း ၆၇၃ ဦးကို လွှဲပြောင်းခဲ့သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ 

လက်ရှိတွင်လည်း ကျားဖြန့်ငွေလိမ်လုပ်ငန်းနှင့် လူကုန်ကူးခံရသည်ဟု ယူဆရသည့် နိုင်ငံခြားသားများကို စုစည်းထိန်းသိမ်းထားဆဲဖြစ်ပြီး လွှဲပြောင်းရန် အဆင်သင့်ဖြစ်နေသော်လည်း သံရုံးရှိသည့် နိုင်ငံသားများကိုသာ ထိုင်းဘက်မှလက်ခံနေသဖြင့် လွှဲပြောင်းရန် ကြန့်ကြာနေသည်ဟု DKBA မှ ဗိုလ်မှူးကြီးစောဆန်းအောင်ကပြောသည်။ 

“၂၆၁ ဦးကိုတော့လွှဲပြောင်းပေးခဲ့တာရှိတယ် လွှဲဖို့တော့ ready ဖြစ်ပြီး သူများကလက်မခံသေးဘူး၊အခု ထိုင်းဘက်  ကတောင် လက်မခံဘူးလို့ကြားတယ် ဥရောပသားလား၊ အနောက်နိုင်ငံသားတွေဖြစ်တယ်လို့ပြောတာပဲ လက်ရှိ သူတို့က သံရုံးရှိတဲ့သူတွေကိုပဲလက်ခံတယ်၊  လွှဲမရသေးဘူး၊ အဲ့လိုအခက်အခဲရှိတယ်”ဟု ၎င်းက ပြောသည်။ 

DKBA အဖွဲ့အနေဖြင့် မြဝတီမြို့နယ်မှ ကျားဖြန့်လုပ်ငန်းအပြင် ဘုရားသုံးဆူမြို့အတွင်းရှိ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်သည်ဟု ယူဆရသူတို့ကိုလည်း ချိတ်ဆက်ပြီး  ပို့ဆောင်ပေးခဲ့နေကြောင်း ဆက်ပြောသည်။

သို့သော် ဘုရားသုံးဆူမြို့နှင့် ၁၅ ကီလိုမီတာခန့်ဝေးသည့် DKBA နယ်မြေအတွင်းရှိ အဆောက်အအုံတို့တွင် တရုတ်နိုင်ငံသားတို့ ဆက်လက်ရှိနေကြောင်းနှင့် ကျားဖြန့်လုပ်ငန်း၏ လုပ်ငန်းစဉ်တို့ကို ဆက်လက်ဆောင်ရွက်ခြင်းရှိမရှိ အတည်မပြုနိုင်ကြောင်း တရုတ်ကျားဖြန့်လုပ်ငန်းကို လေ့လာစောင့်ကြည့်နေသည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

“DKBA က သူတို့နေတဲ့နေရာ ထီးလောင်ယှူးဘက်မှာဆို တရုတ်တွေနေထိုင်ဖို့ အဆောက်အအုံတွေပါ ဆောက် ထားပေးတာ။ ဆောက်ထားတာလည်း ပြီးနေပြီးဆိုတော့ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ဆက်ပြီးလုပ်မှာလား မလုပ်ဘူးလားဆိုတာတော့ မသိဘူးပေါ့နော်။ ဒါမဲ့လည်း လောလောဆယ်တော့ အဲ့မှာ အကုန်လုံးနေနေကြတယ်” ဟု ဘုရားသုံးဆူဒေသခံ တစ်ဦးက ပြောသည်။

ကျားဖြန့်လုပ်ငန်းမနှိမ်နင်းနိုင်သရွေ့ လက်ရှိဒေသခံတို့ လျှပ်စစ်မီးနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့်အခြေအနေကို ရက်ရှည်ကြာ ဆက်လက်ရင်ဆိုင်ရအုံးမည်ဟုလည်း ဆက်ပြောသည်။

လက်ရှိတွင်  မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းတို့တွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၇၀၀၀ ကျော်ကို ပြီးခဲ့သည့်လက BGF တို့ ဖမ်းဆီးရမိထားပြီး ၎င်းတို့ကို ယာယီနေထိုင်စရာ နေရာအပါအဝင် အစားအသောက်နှင့် ကျန်းမာရေးစရိတ်တို့ကို တာဝန်ယူထားရကြောင်း သိရသည်။

ကျားဖြန့်အွန်လိုင်ငွေလိမ်လုပ်ငန်းတို့သည် ထိုင်း၊မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်တို့တွင် နှစ်နှင့်ချီလှုပ်ရှားနေပြီး တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်းနိုင်ငံတွင် ပျောက်ဆုံးပြီး မြန်မာနိုင်ငံတွင် ပြန်လည်တွေ့ရှိထားတဲ့နောက် အွန်လိုင်းကျားဖြန့်ကွန်ရက်ကို နိုင်ငံပေါင်းစုံက ဖြိုခွင်းရန် ကြိုးပမ်းလာကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts