Homeသတင်းကော့သောင်းဘက် နေရပ်ပြန်ပို့ခံထားရသည့် အထောက်ထားမဲ့မြန်မာအလုပ်သမားများ အဓမ္မစစ်သားအဖြစ် စုဆောင်းခံနေရဆဲ

ကော့သောင်းဘက် နေရပ်ပြန်ပို့ခံထားရသည့် အထောက်ထားမဲ့မြန်မာအလုပ်သမားများ အဓမ္မစစ်သားအဖြစ် စုဆောင်းခံနေရဆဲ

-

ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံရပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လည်ပို့ဆောင်ထားသည့် အထောက်ထားမဲ့ မြန်မာလုပ်သားအများစုတို့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၀ အထိ အဓမ္မစစ်သားအဖြစ် စုဆောင်းခံနေရဆဲဖြစ်ကြောင်း စစ်မှုထမ်းအရေး စောင့်ကြည့်လေ့လာနေသူတို့၏ ပြောပြချက်အရ သိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် မြန်မာလုပ်သားနှင့် အထောက်ထားမဲ့နေထိုင်နေသူများကို ထိုင်းအာဏာပိုင်တို့မှ ဖမ်းဆီးစစ်ဆေးပြီး ပြစ်မှုပြစ်ဒဏ်ကျခံစေပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းဘက်သို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ၁၄ အကြိမ်အထိ လွဲပြောင်းပေးခဲ့ကြောင်း တနင်္သာရီအခြေစိုက် FE5 Tanintharyi အဖွဲ့၏ အချက်အလက်ရ သိရသည်။

ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သားတို့အနက် စစ်မှုထမ်းအရွယ်တွင် အကျုံးဝင်သူတို့ကို တနင်္သာရီတိုင်းရှိ စစ်သင်တန်းအပတ်စဉ် ၃ မှစ၍ ပို့ဆောင်ခံနေရပြီး အသက်ကြီးပိုင်းအရွယ်တို့သာ နေရပ်ပြန်ခွင့်ရခဲ့ကြောင်း FE5 Tanintharyi မှ တာဝန်ရှိသူ ကိုကျော်က ပြောသည်။

“ထိုင်းအာဏာပိုင်က ဒီတရားမဝင်ခိုးဝင်တဲ့သူတွေ ရနောင်းဘက်ကိုပို့လိုက်တဲ့သူအများစု တော်တော်များများက စစ်မှုထမ်းခေါ်ခံနေတယ်ပေါ့ အရေအတွက်တွေတော့ ကျွန်‌တော်တို့ ပြောလို့မနိုင်ဘူးပေါ့နော်။ သူတို့နေရာအရပ်ဒေသပြန်ရောက်တဲ့သူအများစုက ဒီအသက်ကြီးအပိုင်းတွေပဲ လူငယ်တွေက မရောက်ကြဘူး၊ တော်တော်များများကလေ” ဟုပြောသည်။

ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ၁၁၈ ဦး၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ၁၉၇ ဦး၊ မတ်လ ၂၅ ရက်နေ့တွင် ၁၃၄ ဦး၊ ဇွန်လ ၁၀ ရက်နေ့တွင် ၁၂၀ ဦး၊ ၁၇ ရက်နေ့တွင် ၁၂၀ ဦး၊ ၂၁ ရက်နေ့တွင် ၈၅ ဦး၊ ဇူလိုင် ၃၀ ရက်နေ့တွင် ၁၅၂ ဦး၊ သြဂုတ်လ ၇ ရက်နေ့တွင် ၁၂၆ ဦး၊ ၂၆ ရက်နေ့တွင် ၁၀၈ ဦး၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ၁၃၀ ဦး၊ ၂၆ ရက်နေ့တွင် ၁၂၇ ဦး၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ၁၈၆ ဦး၊ ၂၈ ရက်နေ့တွင် ၁၈၃ ဦးနှင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ၂၁၉ ဦး နေရပ်ပြန်လည်ပို့ဆောင်ခဲ့သည်ဟု FE5 Tanintharyi မှ ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည်း ရနောင်းခရိုင်မှ မြန်မာရွေ့ပြောင်းလုပ်သားများကို ကော့သောင်းမြို့သို့ ၁ ကြိမ်ပို့ဆောင်ခဲ့ပြီး မြန်မာရွေ့ပြောင်းလုပ်သား ၁၄၉ ဦး ပါဝင်ကြောင်း FE5 Tanintharyi မှ ဖော်ပြထားသည်။

အထောက်ထားမဲ့နယ်စပ်ဖြတ်ကျော် မြန်မာလုပ်သားတို့ကို ထိုင်းအစိုးရ၏ ဖမ်းဆီးစစ်ဆေးမှုတင်းကြပ်နေချိန် စိုးရိမ်မှုများစွာရှိနေသလို ဖမ်းဆီးခံရပြီးနောက် မြန်မာဘက်၌ စစ်ကောင်စီ၏ အဓမ္မစစ်သားအဖြစ်စုဆောင်းခံရမည်ကို စိတ်ပူနေရကြောင်း ဘုရားသုံးဆူမြို့မှ ရွှေ့ပြောင်းလုပ်သားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"ဒီအချိန် ခိုးဝင်တဲ့သူတွေက ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲ၊ ဘယ်လိုမှလည်း ဝင်လို့မလွတ်နိုင်တဲ့ကိစ္စကို၊ အဓိက အသက် ၄၀ အောက်လူတွေပေါ့ ရခိုင်နဲ့ ဟိန္ဒူတွေအများရှိ နယ်စပ်ဘက်မှာရှိနေတာ"ဟု ဆိုသည်။

စစ်ကောင်စီမှ ထပ်မံထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ နှင့် အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်ယူလာသည့် အခြေအနေတို့ကြောင့် နီးစပ်ရာပြည်ပနိုင်ငံသို့ ထွက်ခွာလာသူ မြင့်တက်လာနေသည့်အပြင် ဖမ်းဆီးခံခဲ့ရသည့် လူငယ်တို့လည်း မြင့်တက်နေဆဲဖြစ်သည်။

အလားတူ မွန်ပြည်နယ်တွင် စစ်သင်တန်းသို့ အငှားလိုက်မည့်သူ နည်းလာသည်နှင့်အမျှ သင်တန်းသားဦးရေပြည့်မှီရန်အတွက် စစ်ကောင်စီမှ ရသမျှနည်းလမ်းဖြင့် ခေါ်ယူစုဆောင်းရာတွင် ငွေကြေးဖြင့် အလွယ်တကူစုဆောင်းခံနေရသည့် ရွေ့ပြောင်းလုပ်သားများ အများဆုံးပါဝင်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts