spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းရိုဟင်ဂျာဟုယူဆရသည့် ကော့ဒွတ်-သောင်ပြင်ပင်လယ်ကမ်းခြေဘက် ဝင်ရောက်လာသူတို့ကို စစ်ကောင်စီအဖွဲ့မှပစ်သတ်

    ရိုဟင်ဂျာဟုယူဆရသည့် ကော့ဒွတ်-သောင်ပြင်ပင်လယ်ကမ်းခြေဘက် ဝင်ရောက်လာသူတို့ကို စစ်ကောင်စီအဖွဲ့မှပစ်သတ်

    -

    မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ ကော့ဒွတ်-သောင်ပြင်ကျေးရွာအကြားရှိ ပင်လယ်ကမ်းခြေဘက်သို့ လှေဖြင့်ဝင်ရောက်လာသည့် ရိုဟင်ဂျာဟုယူဆရသူ လူတစ်စုတို့အနက် ၅ ဦးကို  စစ်ကောင်စီအဖွဲ့တို့မှ ပစ်သတ်လိုက်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ လပြည့်နေက ရိုဟင်ဂျာလူမျိုး အမျိုးသား၊အမျိုးသမီး ၁၀ ဦးထက်မနည်းပါဝင်သည့် လှေတစ်စင်းသည် ကော့ဒွတ်- သောင်ပြင်ကမ်းခြေဘက်သို့ရောက်ရှိလာပြီး အဆိုပါဒေသတစ်ဝိုက်ကင်းလှည့်နေသည့် စစ်ကောင်စီအဖွဲ့တို့မှ လိုက်လံဖမ်းဆီးခဲ့ကြောင်း ရေးဒေသခံတစ်ဦးကဆိုသည်။

    လိုက်လံဖမ်းဆီးစဉ် ပင်လယ်ဘက်ခုန်ဆင်းကာ ထွက်ပြေးသည့်အမျိုးသား ၅ ဦးတို့ကို စစ်ကောင်စီအဖွဲ့မှ ပစ်သတ်လိုက်ပြီး ကျန်ရှိသည့် လူ ၁၀ ဦးထက်မနည်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရေးဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

    “လှေဝင်လာတဲ့ချိန်မှာ တစ်နေရာရာမှာရပ်နေကြတယ်။ စကစတွေက သတင်းရတော့ အဲ့ဘက် ဆင်းသွားကြတယ်။ စကစတွေကို တွေ့တော့ သူတို့ထွက်ပြေးကြတာပေါ့။ ထွက်ပြေးတော့ ပစ်သတ်လိုက်တယ်။ ထွက်မပြေးတဲ့ သူတွေကို သူတို့ဖမ်းလိုက်တာပေါ့။ ခိုးဝင်လာတဲ့သူတွေ ခဏခဏဖမ်းမိတယ်” ဟု သူက ပြောသည်။

    ပစ်သတ်လိုက်သည့် အမျိုးသား ၅ ဦး၏ ရုပ်အလောင်းတို့ကို သိမ်းဆည်းခြင်းမပြုဘဲ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ဒေသခံတို့က ကမ်းခြေတစ်နေရာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်းလည်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “ဒေသခံတွေက အလောင်းတွေတော့ ရေးခရိုင်ကို တိုင်ကြားချက်ရောက်သွားလို့ဖြစ်မယ် တာဝန်ရှိသူတွေက ဆင်းလာကြတယ်။ ပြီးတော့ အဲ့အလောင်းတွေကို အဲ့နားမှာပဲမြှုပ်လိုက်တယ်လို့ ကြားတယ်။ အသေအချာတော့မသိဘူး” ဟု ပြောသည်။

     ရိုဟင်ဂျာဟု ယူဆရသည့် အဆိုပါ လူတစ်စုတို့သည် ရခိုင်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ရေလမ်းကြောင်းမှတစ်ဆင့် ရေးဒေသဘက်သို့ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ဘုရားသုံးဆူဘက်သို့ ဝင်ရန်ရှိကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြောက်ပိုင်း ပင်လယ်ကမ်းခြေဘက်သို့ အလားတူ လူအုပ်စုတို့ မကြာခဏဝင်ရောက်လျှက်ပြီး တစ်ဖက်နိုင်ငံရှိ ပွဲစားနှင့် ချိတ်ဆက်ထားကြောင်း ဆိုသည်။

    ရခိုင်ပြည်နယ်မှ မွန်ပြည်နယ်သို့ ရေကြောင်းဖြင့်ဝင်ရောက်ရန် လူတစ်ဦးလျှင် ပွဲစားခကျပ် ၄ သိန်းမှ ၈ သိန်းအထိ ပွဲစားကို ပေးဆောင်ထားရကြောင်းနှင့် စစ်ကောင်စီတပ်တို့နှင့်မကြာခဏ ဖမ်းဆီးရမိနေသည်ဟု သိရသည်။

    လက်ရှိ ဘုရားသုံးဆူမြို့တွင် တရုတ်အွန်လိုင်းကျားဖြန့်ကိစ္စကြောင့် ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးတင်းကြပ်ပြီး လျှပ်စစ်မီးဖြတ်တောက်ခံထားရသော်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်မည့် ရွေ့ပြောင်းလုပ်သားတို့ စုပြုံနေကြကြောင်း မြို့တွင်းသတင်းရင်းမြစ်မှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts