Homeသတင်းအနန်းကွင်းရွာက နေအိမ်အလုံး ၂၀ ကျော်ကို စစ်တပ် မီးထပ်ရှို့

အနန်းကွင်းရွာက နေအိမ်အလုံး ၂၀ ကျော်ကို စစ်တပ် မီးထပ်ရှို့

-

မွန်နှင့် ကရင်ပြည်နယ်အစပ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာက နေအိမ်အလုံး ၂၀ ကျော်ကို စစ်ကောင်စီတပ်တို့က မီးထပ်ရှို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က အနန်းကွင်းကျေးရွာထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ရပ်ကွက် (၂)၊ ရပ်ကွက် (၃) ရှိ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု နေအိမ်မီးရှိုးခံရသည့် အနန်းကွင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရပ်ကွက် (၂) နဲ့ ရပ်ကွက် (၃) ထဲက နေအိမ်အလုံး ၂၀ ကျော်လောက်ကို သူတို့(စစ်တပ်) ထပ်ရှို့သွားတယ်။ အဲထဲမှာ ကျမတို့အိမ်လည်း ပါသွားတယ်။ အမတို့ရွာနဲ့ အမတို့အိမ်က ဘာအပြစ်ရှိလို့လဲ။ အိမ်တွေကို အားရးပါးရ မီးလိုက်ရှို့နေတာ။ အိမ်တစ်လုံးပြီးဖို့က အနှစ်နှစ်အလလ စုလာရတယ်။ ယုတ်မာကြတယ်။ လူမှမဟုတ်ကြတာ။ အခုက ရွာထဲမှာ သူတို့(စစ်တပ်) အပြည့်ရှိနေတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အိမ်ခြေ ၅၀၀ ကျော်ရှိသည့် အနန်းကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး နေအိမ်မီးလောင်ပျက်စီးသွားသည့်အပြင် ကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က နေအိမ်များကို မီးရှို့ခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားသည့်အခြေအနေ ရှိသည်ဟု ဆိုသည်။

အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် သြဂုတ်လလယ်ခန့်စပြီး အနန်းကွင်းနှင့် အနီးနားတဝိုက်တွင် တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် အနန်းကွင်းနှင့် အနီးနားတဝိုက်ရှိ လွတ်ရှမ်း၊ တညင်၊ ဖာယာ စသည့် ရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ယနေ့ နေရပ်မပြန်နိုင်သေးပေ။

“တိုက်ပွဲကြောင့်လည်း အိမ်တွေအများကြီး ပျက်စီးခဲ့ပြီးပြီ။ အခုလည်း ကျန်နေသေးတဲ့အိမ်တွေကို ထပ်ပြီးတော့ မီးလိုက်ရှို့နေတယ်။ အနန်းကွင်းရွာကလူတွေ စစ်ရှောင်နေရတာ တစ်နှစ်ပြည့်တော့မယ်။ သူများအိမ်မှာ လိုက်နေနေကြရတယ်။ လှူဒါန်းပေတဲ့အဖွဲ့တွေရှိပေမဲ့ စစ်ရှောင်တွေက များတော့ ဘယ်လုံလောက်ပါ့မလဲ” ဟု အနန်းကွင်းရွာခံက ပြောသည်။

အနန်းကွင်းဗျူဟာတပ်စခန်း သိမ်းပိုက်နိုင်ရေးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝိုင်းဝန်းတိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း အနန်းကွင်းစခန်းမကျရေးအတွက် ခုခံတိုက်ခိုက်နေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး နေ့စဉ်နီးပါးလည်း တိုက်ပွဲဖြစ်ပွားနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts