spot_img
Tuesday, February 11, 2025
More
    spot_img
    Homeဆောင်းပါးစစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ တရားမျှတမှု မရှိ

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ တရားမျှတမှု မရှိ

    -

    စစ်သည်အင်အားပြုန်းတီးမှုကို အကြီးအကျယ်ရင်ဆိုင်နေရသည့် စစ်ကောင်စီက စစ်မှုထမ်းများဖြင့် အင်အားဖြည့်တင်းနိုင်ရန် ကြိုးပမ်းလာသည့်နှင့် စစ်မှုထမ်းဥပဒေကိုလည်း တရားဝင်ဖြစ်အောက် ထပ်မံပြဌာန်းခဲ့သည်။

    စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဆန်းပိုင်းက အတည်ပြုပြဌာန်းခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကို တရားဝင်ပြဌာန်းခဲ့သည်။

    စစ်မှုထမ်းနည်းဥပဒေတွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့် ကာလတွက်ချက်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စစ်မှုထမ်းစာရင်း ပြုစုခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် လျှောက်ထား ခြင်း၊ အမိန့်စာ ဆင့်ခေါ်ခြင်း၊ ဆေးစစ်ရေးဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစား ခွင့်များ၊ စစ်စည်းရုံးခြင်းနှင့် အထွေထွေ ပြဋ္ဌာန်းချက်များ ပါဝင်သည်။

    သို့ရာတွင် ဥပဒေ၌ စစ်မှုထမ်းများ ခေါ်ဆောင်ရေးကိုသာ တိတိကျကျ ရေးသားဖော်ပြထားသော်လည်း စစ်မှုထမ်းကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့် တင်ခြင်းများကိုမူ အချိန်ကာလအတိအကျဖြင့် ဖော်ပြထားခြင်း မတွေ့ရပေ။

    ရှေ့နေဦးကြီးမြင့်ကတော့ “တားမြစ်ချက်ရှိတယ်။ ကင်းလွတ်ချက်ရှိတယ်။ စစ်မှုထမ်းမဲ့ လူတွေကို ဘယ်လိုဘယ်လို မဆွယ်ရဘူး။ ဘယ်လို မလုပ်ရဘူးဆိုတဲ့ စစ်မှုထမ်းစုဆောင်းရမှာ တားမြစ်တဲ့အချက်တွေရှိတယ်။ သူတို့လူတွေကို တားမြစ်တာ။ အဲဒီတားမြစ်ချက်တွေကိုကျတော့ အခုဥပဒေမှာ မထုတ်ပေးဘူး။ ဘယ်လိုဟာမျိုးကို တားမြစ်တယ်လို့လည်း မပြောဘူး။ နောက်ပြီးတော့ ကင်းလွတ်ခွင့်မှာပါတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ နောက်မိဘကိုလုပ်ကျွေးနေရတဲ့သူတွေ အဲဒီလို ၄၊ ၅၊ ၆ ချက်လောက်ပါမှာပေါ့ ဒီလူတွေကိုလည်း ကင်းလွတ်ခွင့်တင်ဖို့ကို လက်တလောမှာ ထုတ်မပေးဘူးတဲ့။ နောက်မှ အခါအားလျော်စွာ ထုတ်ပေးမယ်ဆိုတော့ ဘယ်တော့သွား ထုတ်ပေးမလဲ။ တရားမျှတမှုကို မရှိဘူးဗျ” ဟု ထောက်ပြဝေဖန်သည်။

    စစ်မှုထမ်းကာလကို ၂ နှစ်၊ အရေးပေါ်ကာလ ကြေညာပါက ၅ နှစ်ဟု နည်းဥပဒေတွင် ပြဌာန်းထားသော်လည်း ကင်းလွတ်ခွင့်နှင့် လျော့ပေါ့ခွင့်အတွက် အနည်းဆုံး ၅ ဆင့်ခန့် တင်ပြလျှောက်ထားရမည်ဖြစ်ပြီး အချိန်မည်မျှကြာမည်ကို တရားဝင်ဖော်ပြခြင်း မရှိပေ။

    ၎င်းပြင် အဆင့်ဆင့်တင်ပြထားချိန် စစ်မှုထမ်းရန် ရွေးချယ်ခံရပါက စစ်မှုထမ်းရမည်ဆိုပြီး နည်းဥပဒေတွင် ပြဌာန်းချက်တွင် ပါရှိသည်။

    အဆိုပါ နည်းဥပဒေတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်း မရှိဘဲ အသက်သတ်မှတ်ချက် ပြည့်မီသည့် လူငယ် ကျား-မ မရွေး စစ်မှုထမ်းရမည်ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင်ရှိသည့် အိမ်သားများ အရေးယူခံရမည်ဟု ဥပဒေ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (က) နှင့် (ခ) တွင် ဖော်ပြထားသည်။

    “နည်းဥပဒေမထွက်ခင်ကတော့ အမျိုးသမီးတွေကို မခေါ်သေးဘူး။ အခုနည်းဥပဒေထွက်ပြီဖြစ်တဲ့အတွက် အမျိုးသမီးတွေလည်း စတော့မယ်။ ဥပဒေမထွက်ခင်က ဒီစစ်မှုထမ်းတွေကို ရှေ့တန်းမပို့ပါဘူးဆိုပြီး သူတို့ပြောတယ်။ အခု နည်းဥပဒေမှာ ဘာပါလာလည်းဆိုတော့ စစ်မှုထမ်းကာလမှာ ကျဆုံးရင် ခံစားခွင့်ရမယ်တဲ့။ ဒါက ရှေ့တန်းသွားရမယ်ဆိုတဲ့သဘောပါပဲ။ အခုက အရင်လို မဲနှိုက်တာတွေမရှိတော့ဘူး။ အိမ်ကို တခါထဲ ဆင့်ခေါ်စာနဲ့လာမယ်။ ဆင့်ခေါ်စာရောက်တာနဲ့ ဆေးစစ်တာတွေဆက်လုပ်ရမယ်။ အားလုံးက အဆင်ဆင့် အမြန်လုပ်မယ့်သဘောပါ။ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေအတွက် လုံးဝကို မတွေးဝံ့တဲ့ နည်းဥပဒေကြီးပါ” ဟု ဥပဒေပညာရှင် အမျိုးသမီးတစ်ဦး မှတ်ချက်ပြုသည်။

    စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူသည် ပြည်ပသို့ ရောက်ရှိနေပြီး နိုင်ငံသို့ ပြန်လာကာ စစ်မှုမထမ်းပါက စစ်မှုထမ်းရန် တိမ်းရှောင်ကြံစည်ဟု သတ်မှတ်ပြီး ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

    ၎င်းပြင် စစ်မှုထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်းလည်း ဥပဒေတွင် ပြဌာန်းထားသည်။

    “အခုထိကတော့ ငွေနဲ့ လုပ်လို့ရသေးတယ်လို့ ပြောလို့ရတာပေါ့။ နိုင်ငံမှာ လာဘ်ပေး လာဘ်ယူက ပိုပြီး ကြီးထွားလာမှာပေါ့။ ဘာလို့ဆို ဒီစစ်မှုထမ်းတွေအတွက်ကို စစ်မှုထမ်းဗဟိုကော်မတီက ကိုင်မှာလေ။ သူတို့ကို တိုက်ရိုက် လာဘ်ထိုးရမယ့်အခြေအနေ ရောက်သွားမှာ ဖြစ်တယ်” ဟု အထွေထွေအုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောသည်။

    စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရှိ လူငယ်များ ပြည်ပသို့ နည်းလမ်းပေါင်းစုံမှ ထွက်ခွာမည့် အခြေအနေ ပိုများလာနိုင်ကြောင်းလည်း သုံးသပ်မှုများလည်း ရှိနေသည်။

    “အခုက နည်းနည်းလေးမှောင်လာတာနဲ့ မိန်းကလေးလည်း ဆွဲ၊ ယောကျ်ားလေးဆိုလည်း စစ်မှုထမ်းဖို့ဆွဲ။ တခါ ယောကျာ်းလေးတွေကိုလည်း ဖမ်းပြီး စစ်မှုထမ်းအဖွဲ့ဆီမှာ ရောင်းစားခံရ ဒီလိုတွေဖြစ်နေတာ။ အဲ့တော့ လူငယ်တွေက ရောင်းကုန်ပစ္စည်းတွေလို ဖြစ်နေတယ်။ အဲဒီတော့ အနာဂတ်ကလည်း ပျက်ပြီပေါ့။ လူငယ်တွေကို ကြောက်ရွံထိတ်လန့်အောင်လုပ်နေမှတော့ လူငယ်တွေပျက်စီးရင် ဒီတိုင်းပြည် ပျက်စီးတယ်” ဟု ရှေ့နေ့ဦးကြည့်မြင့်က ဆက်ပြောသည်။

    စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သားတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ဆိုနိုင်သည်ဟု ပါရှိသည်။

    ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ အကျုံးဝင်သည်ဟု သတ်မှတ်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,800SubscribersSubscribe
    spot_img

    Latest posts