ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းကျေးရွာအနီးရှိ စစ်သုံ့ပန် မိသားစုဝင်များ ထားရှိသည့်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးပြီး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း AA က ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

အာရက္ခတပ်တော် AA က ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ် မိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီက ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီနှင့် ၅ နာရီကြားတွင် ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူများထဲတွင် အချို့ အရေးပေါ်ဆေးကုသမှု ခံယူနေရသည်။
၎င်းဒဏ်ရာပြင်းထန်သူအချို့လည်း နောက်ထပ်သေဆုံးနိုင်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင်များကို မကြာမီအချိန်ကာလတစ်ခုတွင် ပြန်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ရမ်းချောင်းကျေးရွာအနီးတဝိုက်တွင် ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်ဟု AA က ဆိုထားသည်။
နိုင်ငံတဝှမ်း စစ်ရှုံးနေသည့် စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ၊ စျေးများ၊ ဘာသာရေးအဆောက်အဦးများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သောနေရာများကို ပစ်မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု AA က ဆိုထားသည်။
၂၀၂၅ ခုနှစ်ဆန်းပိုင်းကာလမှစပြီး စစ်ကောင်စီက ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာခြင်းကြောင့် လေကြောင်းရန်နှင့် လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြရန်လည်း AA က သတိပေး တိုက်တွန်းထားသည်။