spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရခိုင်ပြည်နယ်မှ စစ်သည်အရာရှိများ AA ထံလက်နက်ချရန် နပခတိုင်းမှူးပြော

    ရခိုင်ပြည်နယ်မှ စစ်သည်အရာရှိများ AA ထံလက်နက်ချရန် နပခတိုင်းမှူးပြော

    -

    ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA သိမ်းပိုက်ရန် ကျန်နေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်စသည့် မြို့များမှ စစ်ကောင်စီ တပ်မှူး၊ စစ်သည်များ လက်နက်ချကြရန် AA ထံ ဖမ်းဆီးခံထားရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးက ပြောဆိုလိုက်သည်။

    နပခ ကို သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း၊ နပခ တိုင်းမှူးနှင့် အမေးအဖြေမှတ်တမ်းများကို AA က ဒီဇင်ဘာလ ၂၆ ရက်နေ့ညက ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ရုပ်သံအမေးအဖြေမှတ်တမ်းတွင် နပခတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကိုတော့ ရက္ခိုင်ပြည်ရဲ့ ပထဝီဝင်အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေကနေ သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေ အနေနဲ့ ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီး တော့ လက်နက်ချအလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချ ကြပါ” ဟု နပခတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက AA ထုတ်ပြန်ထားသည့် ရုပ်သံတွင် ပြောဆိုထားသည်။

    နပခကို AA က ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး၊ သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာအမြောက်၊ နောက်ပွင့်ရိုင်ဖယ်၊ ပွိုင့်ဖက်စက်သေနတ်နှင့် အခြားစက်သေနတ်များ၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး အများအပြားကိုလည်း AA က သိမ်းဆည်းရမိခဲ့သည်။

    “နောက်ဆုံးကျန်ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ရုံးကို အာရက္ခတပ်တော်က လေးဘက်လေးလံဝိုင်းပတ် ထိန်းချုပ်တိုက်ခိုက် ခံနေရတဲ့အချိန်မှာ ကျနော်တို့တွေဟာ ရိက္ခာ၊ ဆေးဝါး၊ ခဲယမ်း၊ ရေ ပြတ်တောက် လုံလောက်မှုမရှိတော့ဘဲနဲ့ ခုခံကာကွယ်ခဲ့ရပါတယ်” ဟုလည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုထားသည်။

    ၎င်းပြင် စစ်ကောင်စီဌာနချုပ် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်များအနေဖြင့်လည်း လက်အောက်ငယ်သားများ၏ ဘဝကို ငဲ့ညှာသောအားဖြင့် အရှုံးကို လက်ခံပေးရန်လည်း သူက တောင်းဆိုထားသည်။

    ရခိုင်ပြည်နယ်တွင် မြို့ပေါင်း ၁၇ မြို့ရှိသည့်အနက် ၁၄ မြို့ကို AA က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့သာ သိမ်းပိုက်ရန်ကျန်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks