Homeသတင်းစစ်မှုထမ်းသင်တန်းတွင် မသန်စွမ်းနှင့် အသက်မပြည့်သူများပါ ပါဝင်နေ

စစ်မှုထမ်းသင်တန်းတွင် မသန်စွမ်းနှင့် အသက်မပြည့်သူများပါ ပါဝင်နေ

-

စစ်ကောင်စီ အကောင်အထည်ဖော်နေသည့် စစ်မှုထမ်းသင်တန်းတွင် မသန်စွမ်းနှင့် အသက်မပြည့်သေးသူများပါ ပါဝင်နေသည်ဟု အကြမ်းဖက်တပ်နှင့် ရဲကို စွန့်ခွာလိုသူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့ရင်ခွင်-People’s Embrace အဖွဲ့ထံမှ သိရသည်။

စစ်မှုထမ်းအတွက် သင်တန်းသား ခေါ်ယူရန် ခက်ခဲနေသည့်ဒေသတို့တွင် စစ်ကောင်စီက ဒေသန္တရအမိန့် ဖောက်ဖျက်သည်ဟုဆိုကာ ဒေသခံများကို အဓမ္မ လိုက်လံဖမ်းဆီးခြင်း၊ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခြင်းဖြင့် စစ်မှုထမ်းယန္တယား လည်ပတ်နိုင်ရန် စစ်ကောင်စီက လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အတင်းအဓမ္မ ဖမ်းဆီးခံရသူတို့က ပြည်သူ့ရင်ခွင်အဖွဲ့သို့ လာရောက်ဆက်သွယ် အကူအညီတောင်းခံရာမှ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ၊ EROs နှင့် မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ကယ်ဆယ်ခေါ်ထုတ်ခဲ့ရသူများရှိသည်။

ထိုကယ်ဆယ်ခေါ်ထုတ်ခဲ့သူများထဲတွင် မသန်စွမ်းနှင့် အသက်မပြည့်သေးသည့် ကလေးများလည်း ပါဝင်နေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေက စာရွက်ပေါ်မှာပဲ ရှိတယ်လေ။ အဲကြောင့် အသက်အပိုင်းခြားက ထည့်ပြောလို့ကို မရတာ။ ပြီးခဲ့တဲ့ လဆန်းပိုင်းက ကျွန်တော်တို့ဆီကို ဆက်သွယ်လာတဲ့တစ်ယောက်ဆို ၁၇ နှစ်ပဲ ရှိသေးတယ်။ အရင်တုန်းဆိုရင် နိုင်ငံ့ဝန်းထမ်းတစ်ယောက်ဖြစ်ဖို့က ကျန်းမာရေးကန့်သတ်ချက်နဲ့ ကျန်းမာရေးကောင်းမှ ဝင်လို့ရတယ်။ အခုက လက်တစ်ဖက်မသန်တဲ့ကလေးတောင် ဇွတ်ထည့်တယ်။ အဲ့တော့ အသက်အရွယ်အပိုင်းခြားတွေ ကျန်းမာရေးကောင်း၊ မကောင်းဆိုတာက သူတို့ မစဉ်းစားတော့ဘူး” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် စစ်မှုထမ်းသူများထဲ မသန်စွမ်းနှင့် အသက်မပြည့်သေးသည့်ကလေးများ ပါဝင်ခြင်း မရှိသေးသော်လည်း ကြိုတင်သတိရှိရန်လည်း ပြည်သူ့ရင်ခွင်အဖွဲ့က တိုက်တွန်းထားသည်။

စစ်မှုထမ်းဥပဒေ စတင်ထုတ်ပြန်သည့် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ လလယ်ခန့်ထိ ပြည်သူ့ရင်ခွင်အဖွဲ့ထံ အကူအညီတောင်းခံလာသူ သုံးသောင်းနီးပါးခန့်ရှိပြီး ၎င်းတို့ကို အရေးပေါ်ရှောင်ရှားရမည့်နည်းအပြင် မြေပြင်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့နှင့် ဆက်သွယ်နိုင်ရန် နည်းလမ်းမျှဝေပေးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အဆိုးဝါးဆုံးအခြေနေနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် စစ်မှုထမ်းဥပဒေကြောင့် မသန်စွမ်းများ အဘက်ဘက်က အခွင့်အရေးဆုံးရှုံးလာနေသည်ဟု မသန်စွမ်းအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“ဒီလိုကိစ္စက မသန်စွမ်းသူတွေအပေါ်မှာ မဆီလျော်ဘူးလို့ ကျွန်တော်တို့ယူဆတယ်။ ကျွန်တော်တို့ သိရသလောက် မသန်စွမ်းသူတွေက ဒီကိစ္စတွေအပေါ်မှာ ကြိုတင်ပြင်ဆင်မှုတွေလည်း ရှိမနေဘူး” ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းသင်တန်းသားများ ရှာဖွေစုဆောင်းရ ခက်ခဲလာသည့် စစ်ကောင်စီတပ်က မြေပြင်တွင်သာမက အွန်လိုင်းပေါ်တွင် လူငယ်များကို သိမ်းသွင်းနိုင်မည့် အလုပ်အကိုင်ရှာဖွေရေး ပုံစံဖြင့် လူစုဆောင်းမှုကို လုပ်ဆောင်လာသည်လည်း ရှိသည်ဟု သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေဖြင့် သွေးထွက်သံယိုနည်းနိုင်သမျှ နည်းစေရေးနှင့် တော်လှန်ရေး အောင်နိုင်ရေးကို ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံမှု အစီအစဉ်ကို ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီနှင့် လမ်းခွဲပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံ ကူညီပေးလျက်ရှိကြောင်း သိရသည်။

ဗမာရေးရာနှင့် ပဠိပက္ခလေ့လာရေးအဖွဲ့ BACS ၏ အစီရင်ခံစာအရ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ မှ အပတ်စဉ် ၅ ထိ လူဦးရေ ၂၁၀၀၀ ထက်နည်း တပ်သားစုဆောင်းခံထားရပြီး တပ်သားဦးရေ ၁၃၀၀၀ ကျော် ရှေ့တန်း ပို့ဆောင်ခံထားရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts