Homeသတင်းတနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ဘေးရှောင် ၆၈၀၀၀ ကျော်ထိ တိုးလာ

တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ဘေးရှောင် ၆၈၀၀၀ ကျော်ထိ တိုးလာ

-

တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၈၀၀၀ ကျော်ထိ တိုးလာသည်ဟု တိုင်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် FE 5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလက ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၀၆၀၀ ကျော်ရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၆၈၀၀၀ ကျော်အထိ တိုးလာသည်။

စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ရက်ရှည် စစ်ကြောင်းထိုးခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခြင်း၊ နေအိမ်မီးရှို့ခြင်း၊ အရပ်သား ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ပိုများလာသည်ဟု ဆိုသည် FE 5 Tanintharyi က ဆိုထားသည်။

ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တို့တွင် နေရပ်စွန့် ခွာထွက်ပြေးသူ အနည်းဆုံး ၃၁၉၀၀ ကျော်ရှိပြီး၊ လောင်းလုံးမြို့နယ်တစ်ခုတည်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးသူ ၁၂၀၀၀ ခန့်ရှိသည်။

မြိတ်ခရိုင် ပုလော၊ တနင်္သာရီနှင့် မြိတ်မြို့နယ်တို့တွင် တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၅၉၀၀ ကျော် ရှိပြီး၊ ပုလောစစ်ရှောင်စခန်းတွင် ၃၀၀၀ ဝန်းကျင် ရှိကာ၊ ကျန်သူများသည် နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာ၊ မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ ပုလောမြို့နယ်တစ်ခုတည်းတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၉၅၀၀ ကျော် ရှိသည်ဟု FE 5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။

ထားဝယ်ခရိုင် သပိတ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက “လောင်းလုံးမြို့နယ်ထဲက ညောပြင်၊ အောက်ကျောက်ဝပ်ရွာတွေဆို အဓိက အထိနာဆုံးလို့ ပြောရမှာပေါ့ဗျာ။ အိမ်ခြေ ရာနဲ့ချီပြီးတော့ မီးရှို့ခံထားရတယ်။ အဲ့လိုရွာတွေမှာတော့ အိုးမဲ့၊ အိမ်မဲ့ဖြစ်ကုန်ကြတယ်ဗျ။ အိုးမဲ့၊ အိမ်မဲ့ မိသားစုတွေက ရွာထဲမှာ ဝင်ရှောင်ရတာရှိတယ်။ ရွာတွေထဲမှာမှ လူမရှိတဲ့အိမ်တွေမှာ ပြန်နေကြတာရှိတယ်။ အများစုကတော့ နီးစပ်ရာ ပင်လယ်ရွာတွေမှာ နေတယ်” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ပုလော၊ လောင်းလုံး၊ သရက်ချောင်းနှင့် တနင်္သာရီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရင်းအမြစ်များကို အလုံးစုံပျက်သုံးရေးလမ်းစဉ်အတိုင်း စစ်အုပ်စုက ဖျက်ဆီးနေသည်ဟု စစ်ဘေးရှောင် ချက်အလက်များ စုဆောင်နေသူတစ်ဦးက ဆိုသည်။

“အောက်တိုဘာလလောက်ကတည်းက ထိတွေ့တိုက်ပွဲတွေ များလာတဲ့အလျောက် စစ်ရှောင်တွေရဲ့ အခြေအနေတွေက တိုးလာတာ များလာတယ်။ စစ်အုပ်စုက အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အတိုင်း ဒေသခံတွေ အသက်၊ လုံခြုံရေးကြောင့် နေရပ်ကနေ ထွက်ပြေးရင်း ကျန်ခဲ့တဲ့ အိုးအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရင်းအမြစ်တွေကို စစ်အုပ်စုက အကုန် ဖျက်ဆီးပစ်တာများပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များကို နွေဦးမေတ္တာ၊ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တို့ အဓိက ကူညီထောက်ပံ့မှုပေးနေပြီး အများစုက ကိုယ်ထူကိုယ်ထဖြင့် ရပ်တည်နေရသည်ဟု သိရသည်။

တစ်ဖက်တွင်လည်း တနင်္သာရီတိုင်းတွင် နိုဝင်ဘာလကုန်အထိ စပါးမရိတ်သိမ်းနိုင်သည့် လယ်မြေအများအပြားရှိနေပြီး၊ စစ်ကောင်စီတပ်မှ တစ်နယ်နှင့် တစ်နယ် ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်လမ်းကြောင်းကို ကန့်သတ်ထားသဖြင့် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

အထူးအဖြင့် နိုဝင်ဘာလအတွင်း ပုလော၊ တနင်္သာရီ၊ ရေဖြူနှင့် လောင်းလုံမြို့နယ်တို့တွင် တိုက်ပွဲအကြိမ်ပေါင်း ၂၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု အနည်းဆုံး ၁၆ ကြိမ်ရှိခဲ့သည့်အတွက် စုစုပေါင်း ထိတွေ့တိုက်ပွဲ ၃၉ ကြိမ်ထက်မနည်း ရှိခဲ့သည်ဟု FEF အချက်အလက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts