spot_img
Thursday, January 16, 2025
More
    spot_img
    Homeမေးမြန်းချက်"၂၀၂၅ မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဆိုးဆုံးရင်ဆိုင်ခံစားရမဲ့အခြေအနေကိုလည်း ပြင်ဆင်ရမှာဖြစ်ပါတယ်"

    “၂၀၂၅ မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဆိုးဆုံးရင်ဆိုင်ခံစားရမဲ့အခြေအနေကိုလည်း ပြင်ဆင်ရမှာဖြစ်ပါတယ်”

    -

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်အခြေအနေ ဆိုးရွားလာအနေအထားရှိလာသလို တဘက်တွင်လည်း စစ်ကောင်စီဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့အစည်းတို့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိခဲ့သည်။

    လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံး ရင်ဆိုင်ခံစားရမည့် အခြေအနေရှိနေသည်ဟု ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    မြန်မာပြည်တောင်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေနှင့် လာမည့် ၂၀၂၅ ခုနှစ်အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင် ဒါရိုက်တာ နိုင်အဲမွန်ကို ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ ဒီနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်းအနေနဲ့ ဘယ်လို လှုပ်ရှာမှုမျိုး လုပ်ဆောင်သွားတာရှိလဲ?

    ဖြေ ။ ။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် အရင်တုန်းကဆိုလို့ရှိရင် ကျနော်တို့ အခမ်းအနားတွေ ဟောပြောပွဲတွေ လူ့အခွင့်အရေးကို ဂုဏ်ပြုတဲ့အစီအစဉ်တွေလုပ်လေ့ရှိပါတယ်။ ဒီနှစ်ပိုင်းတွေမှာတော့ မြေပြင် အခြေအနေအရရော ဒီလတ်တလောဖြစ်နေတဲ့ အခြေအနေအရတော့ အခမ်းအနားတွေ မလုပ်ဖြစ်ပါဘူး။ ဒါပေမဲ့ ဒီလူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အစီအရင်ခံစာတွေကိုတော့ ပုံမှန်ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ဒီနှစ်လည်းပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာတစ်စောင်ကို ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။

    မေး ။ ။ ဆရာတို့ရဲ့အစီအရင်ခံစာမှာ ဘယ်လိုအကြောင်းအရာကို ဦးစားပေးဖော်ပြထားတာရှိလဲ။

    ဖြေ ။ ။ ဒီ ၂၀၂၄ ခုနှစ်တွေမှာ စစ်ကောင်စီအကြမ်းဖက်စစ်ဆင်ရေးတွေမှာ လူငယ်တွေကိုအဓိက ပစ်မှတ်ထား သွတ်သွင်းပြီးတော့ စစ်မှူးထမ်းကိစ္စတွေကို အလေးပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒီအစီအရင်ခံစာဆိုလည်း HURFOM အနေနဲ့ ဒုတိယအကြိမ်ပြန်ပြီးတော့ follow up လုပ်တဲ့ အစီအရင်ခံစာလည်း ဖြစ်တယ်။ ပထမ အစီအရင်ခံစာဆိုလို့ရှိရင် စစ်မှူးထမ်းဥပဒေတွေ စပြီးတော့ သွတ်သွင်းတဲ့အချိန်မှာ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတယ်။ လူငယ်တွေကို ရှေ့တန်းပို့ပြီးတော့ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရတဲ့ကိစ္စတွေ၊ စစ်ကောင်စီရဲ့ အကာအကွယ်အနေနဲ့ အသုံးချခံနေရတဲ့ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေ ပြီးတော့ သုတေသန လုပ်ထားတဲ့ အစီအရင်ခံစာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီစစ်မှူး ထမ်းဥပဒေနဲ့ မတရားဖိနှိပ်မှုတွေအတွက် အသံမြှင့်အစီအစဉ်တွေကို ကျနော်တို့ recommendation တွေမှာ ဖော်ပြပြီးတော့ လှုပ်ရှားမှုတွေကို မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာဥပဒေပြုအဖွဲ့တွေ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ကဏ္ဍတွေမှာ ရှိနေတဲ့အဖွဲ့တွေ၊ UN အသိုင်းအဝိုင်းတွေနဲ့ နိုင်ငံတကာအစိုးရတွေကို ပစ်မှတ်ထားပြီးတော့ စစ်အုပ်စုတွေအပေါ် ဒီလိုမျိုး လူမဆန်တဲ့လုပ်ရပ်တွေ၊ လူငယ်တွေကိုပစ်မှတ်ထားပြီးတော့ ဖိနှိပ်တဲ့ကိစ္စတွေ၊ တပ်ကွင်းကို ပို့ပြီးတော့ သေစေတဲ့ ကိစ္စတွေကို မဖြစ်မနေ ဟန့်တားဖို့ ဆောင်ရွက်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

    မေး ။ ။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အခြေအနေတွေက ကမ္ဘာ့နိုင်ငံတွေမှာလည်း ဘယ်လိုဖြစ်တည်နေလဲ။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ နောက်ပိုင်း ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှု ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ဖြစ်နေလဲ?

    ဖြေ ။ ။ ဟုတ်ကဲ့မှန်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ကမ္ဘာနဲ့အဝှမ်း နေရာတွေအများအပြားမှာ သူ့ပုံစံနဲ့သူ ဖြစ်တည်နေပြီးတော့ သူ့ပုံစံနဲ့သူ ချိုးဖောက်ခံနေရတာ လက်တွေ့ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေကနေ အင်အားငယ်နိုင်ငံကို အနိုင်ကျင့်ချိုးဖောက်တာ လက်နက်ရှိတဲ့အသိုင်းအဝိုင်း၊ အဖွဲ့အစည်းတွေကလည်း အရပ်သား၊ ပြည်သူကို ချိုးဖောက်တာ နောက်တစ်ခါလူမျိုးရေးအရ၊ ဘာသာရေးအရ၊ ကျား၊ မ ကိစ္စအရ ချိုးဖောက်တဲ့ ကိစ္စရပ်တွေဟာ အများအပြား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ သို့သော် ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက ကမ္ဘာ့နိုင်ငံတွေနဲ့ တစ်မူကွဲပြားစွာရှိနေတဲ့ကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တာရယ်၊ ကာလရှည်လျားစွာ ဖြစ်ပေါ်နေတဲ့ အမြစ်တွယ်နေတဲ့ နိုင်ငံရေးပဋိပက္ခ နိုင်ငံရေးခံယူမှု ဗိုလ်ကျ စိုးမိုး ချင်တဲ့အာဏာရှင်စနစ်တွေရဲ့အားကောင်းခိုင်မာမှုတွေမှာ အများကြီး အခြေခံပါတယ်။ ကျနော်တို့နိုင်ငံကို ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၇၀ ကနေ အာဏာရှင်အဆက်ဆက် ပြည်သူလူထုတွေ တိုင်းရင်းသား လူနည်းစု တွေ မတူကွဲပြားတဲ့ တန်းတူညီတူမှုကို တိုက်နေတဲ့အဖွဲ့အစည်းတွေကို target ထားပြီး ချိုးဖောက်နေတဲ့ ကိစ္စတွေက နှစ်ရှည်လများ ကာလရှည်များကြာခဲ့ရတာတွေ ကျနော်တို့တွေ့ရတယ်။ အမြစ်တွယ်လာတာ ကြာခဲ့ပြီး အခုထက်ထိလည်း ၂၀၂၁ ခုနှစ်မှာလည်း ပြန်ပြီးတော့ ပြင်းထန်ရက်စက်မှုနဲ့အတူ အာဏာရှင်ရဲ့ အာဏာပြန်ရယူမှုနဲ့အတူ တစ်ချိန်တည်းမှာပဲ ဒီတိုက်နေတဲ့ ကျနော်တို့နဲ့အတူ ထပ်ပြီးတော့ အာဏာရှင်ကို လက်နက်ကိုင် ဓားမိုး အယူအဆကိုဆက်ပြီးတော့တိုက်ရတဲ့ပုံစံဖြစ်သွားတယ်။ ဒါကြောင့်နိုင်ငံအနှံ့အပြားမှာပိုပြီးတော့ကြီးလေး၊ ပိုပြီး ခါးသီး၊ ပိုပြီးပြင်းထန်တဲ့အသွင်းသဏ္ဍာန်ကိုဆောင်ပြီးတော့ ယနေ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပိုပြီး ပြင်းထန်လာတာကိုတွေ့ရတယ်။ ဒီ ၂၀၂၁ အာဏာသိမ်းခံရတဲ့ ကာလအလွန်ကိုပြန်ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအစီအစဉ်ကို ကြည့်ခြင်းအားဖြင့် တော်တော်များများက ထိတ်လန့်ဖွယ် အင်မတန် စိုးရိမ်ဖွယ်ကောင်းပါတယ်။ ကျနော်တို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ လူ့အခွင့်အရေးပစ်မှတ်ထား ကောက်ခံတဲ့နယ်မြေမှာတင် ဒီ ၄ နှစ်တာကာလနီးနီးမှာ သတ်ဖြတ်ခံရမှုက ၇၂၉ မှုရှိတယ်။ ဆိုလိုတာက ၇၂၉ မှုမှာ လူပေါင်း ၇၀၀ ကျော်မက သေဆုံးခဲ့ကြတာကို တွေ့ရတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာ ယနေ့အထိ နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံရတာ တိုက်ပွဲကြားမှာ လက်နက်ကြီးကျလို့၊ လေယာဉ် ဗုံးကြဲခံရလို့၊ ဒရုန်းတိုက်ခိုက်ခံရလို၊ မိုင်းနင်းမိလို့ဆိုတဲ့ သေဆုံးမှုအမျိုးအမျိုးနဲ့ သေဆုံးခြင်း သတ်ဖြတ်ခံရတာဟာ ၇၂၉ မှုရှိခဲ့ပါပြီး။ မတရားဖမ်းဆီးခံရတာက နိုင်ငံရေးယုံကြည်ချက်ရသော်လည်းကောင်း၊ မတရားစွပ်စွဲခံရမှုသော်လည်းကောင်း၊ ဘာမှအပြစ်မရှိဘဲ ပစ်မှတ်ထားပြီး ဖမ်းဆီးခံရမှုသော်လည်းကောင်း၊ အားလုံးပေါင်း ၆၁၃၀ မှုရှိပါတယ်။ ဒီကြားထဲမှာ ထိခိုက်အနာတရဖြစ်မှုက ၁၉၂၀ ကျော်ရှိပါတယ်။ ဒါဟာစစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေဆီကို ဦးတည်လို့နေတာကိုတွေ့ရတယ်။ အာဏာရှင်တွေဟာ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အချုပ်အခြာတွေကို ဆုံးရှုံးရမှာကြောက်တယ်။ ဒါကြောင့်မလို့ သူတို့ အာဏာစက်ရှိတဲ့ မွန်လိုဒေသမှာ တစ်ခြား ပုန်ကန်ထကြွတဲ့သူတွေကို သူတို့ရဲ့ ရက်စက်မှုတွေကို ဥပမာအနေနဲ့ မြင်သာအောင် လုပ်ပြ လေ့ရှိတယ်ဆိုတော့ မွန်ပြည်နယ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ငြိမ်းချမ်းသယောင် ဘာမှမဖြစ်သယောင် ရှိနေပေမဲ့လည်း ကျနော်တို့ လက်ခံရရှိထားတဲ့ case တွေကို highlight လှုပ်ရှားတာ အများအပြားရှိနေပါတယ်။ နောက် ဒီ case တွေရဲ့ထောက်ပြမှုကြောင့် ကျနော်တို့ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စဟာ အများအပြား ဖြစ်နေတာကို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထက် နောက်တစ်ဆင့် ထပ်ဖြစ်လာတော့ရှိတယ်။ နောက်တစ်ခုက သူတို့ရဲ့ အာဏာစက် တည်မြဲဖို့အတွက် သူတို့ရဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ရွေးကောက်ပွဲ အတုအယောင် ခြေလှမ်းတွေစပြီးလုပ်နေတာက ကျနော်တို့နယ်မြေတွေကနေ စတယ်။ ဒီနှစ်ပိုင်းတွေမှာ ဆိုးဆိုး ရွားရွား ဖြစ်လားဆိုတော့ ဖြစ်တယ်။ ချိုးဖောက်မှုကဏ္ဍမျိုးစုံကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရှိန်အဟုန် မြှင့်ပြီးတော့ ကျနော်တို့ တိုးပြီးကောက်ခံရရှိနေတာတွေကို တွေ့နေရပါတယ်။ အင်မတန်စိုးရိမ်ဖွယ် ဖြစ်ပြီးတော့ ဒီဟာတွေကို နည်းပါးရပ်တန့်သွားအောင် လုပ်ရမယ့်တာဝန် ပိုလာတယ်လိုပဲ ပြောချင်ပါတယ်။

    မေး ။ ။ စစ်ကောင်စီကိုတော်လှန်နေတဲ့သူတွေလည်း စစ်ကောင်စီလိုပဲ ဒီနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်လာတာ ပိုတွေ့လာရတဲ့ပပေါ် ဘယ်လိုမှတ်ချက်ပေး ပြောချင်လဲ?

    ဖြေ ။ ။ ဒီကိစ္စတွေကို ကျနော်တို့က အမြဲတမ်းစိတ်ပူနေပါတယ်။ စိတ်ပူတဲ့အလျောက် တော်လှန်ရေးရဲ့ ဘေးထွက် ဆိုးကျိုးအနေနဲ့လည်း ဖြစ်လာတဲ့ကိစ္စတွေကို ကျနော်တို့ အစဉ်တစ်စိုက် ဆန့်ကျင်ကန့်ကွက်တယ်။ ပထမ တစ်ချက်မှာတော့ negotiate လုပ်တယ်။ ပညာပေးတာတွေ နောက်တစ်ခါမလုပ်ဖို့ဆိုတဲ့ တွန်းအားပေး တဲ့ကိစ္စတွေ အမြဲမပြတ်လုပ်ပါတယ်။ လူ့အခွင့်အရေးကို ဘယ်သူတစ်ဦးတစ်ယောက်မျှ ချိုးဖောက် လို့မရဘူးဆိုတဲ့ မူရှိတယ်။ လက်နက်ကိုင်သည် မကိုင်သည် လူသားအချင်းချင်းအပေါ်မှာ လူ့အခွင့်အရေးက သတ်မှတ်ထားတဲ့ The Universal Declaration of human right အချက် ၃၀ ချက်တွေမှာ မည်သူတစ်ဦးတစ်ယောက်မှ ချိုးဖောက်လို့မရတဲ့ အဲ့ဒီမူရှိတယ်။ စစ်ကောင်စီမလို့ ဒီနွေဦးတော်လှန်ရေးမလို့ဆိုတဲ့အကြောင်းပြချက် မရှိဘူး။ အမြဲတမ်းလေ့လာတယ်။ သူတို့ရဲ့ ချိုးဖောက်မှုကို စောင့်ကြည့်ပြီးတော့ အမြဲတမ်း မှတ်တမ်းပြုပါတယ်။ တိုက်တွန်းစည်းရုံးရေးကိုလည်း လုပ်တယ်။ တစ်ချိန်တည်းမှာပဲ ဒီကျယ်ပြန့်လာတဲ့ ခုခံစစ်၊ တွန်းလှန်စစ်ကို ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးတပ်တွေရော၊ NUG တပ်တွေမှာရှိတဲ့ တပ်တွေရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရော အားလုံးရဲ့ ကျင့်ဝတ်သိက္ခာတွေ ဒီလူ့အခွင့်အရေးအပေါ်မှာ လိုက်နာစောင့်စည်းအပ်တဲ့ ကိစ္စရပ်တွေကို အမြဲတမ်း monitoring လုပ်ပါတယ်။ အခုဖြစ်နေတဲ့ကိစ္စရပ်တွေကိုလည်း အမြဲတမ်းထုတ်ဖော် ပြောဆိုတာတွေရှိတယ်။ ဆိုလိုချင်တာက မည်သည့်လက်နက်ကိုင်မဆို စစ်ဘက်ဆိုင်ရာတာဝန်ကျင့်ဝတ်တွေကို အလိုအလျောက်တာဝန်ယူရမှာ ဖြစ်တယ်။ စစ်အုပ်စုက လူသားမျိုးနွယ်တွေအပေါ် ကျုးလွန်းတဲ့ ရာဇဝတ်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်တဲ့အတွက် ကျနော်တို့ စစ်အုပ်စုကို မပြောလိုတော့ဘူး။ သို့သော် စစ်အာဏာရှင်ကို တော်လှန်နေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီစစ်စည်းကမ်းကျင့်ဝတ်တွေကို စောင့်စည်းရမယ်။ လူ့အခွင့်အရေး စံနှုန်းတွေကို အထူးလေးစားရမယ်ဆိုပြီးတော့ ကျနော်တို့ ထပ်လောင်း တိုက်တွန်းချင်တယ်။ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေ၊ ဖြစ်နေတဲ့ကိစ္စကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ သေချာစေရမှာဖြစ်တယ်။ ဒါကြောင့် ဒီနေရာမှာ လူ့အခွင့်အရေးမှတ်တမ်းတင်တာကို တစ်စိုက်မတ်မတ်လုပ်နေခြင်းဖြစ်တယ်။ မည်သူကျူးလွန် ကျူးလွန် ကျနော်တို့က မှတ်တမ်းတင်ရမှာဖြစ်တယ်။ ထုတ်ဖော်ပြောဆိုရမှာဖြစ်တယ်။ ရပ်တန့်တားဆီးရမှာဖြစ်တယ်။

    မေး ။ ။ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ တရားမျှတမှု ရဖို့ ဘယ်လိုလုပ်ဆောင်သွားသင့်လဲ?

    ဖြေ ။ ။ ဒါက ဒီမေးခွန်းရဲ့အဖြေက ဒါကျနော်တို့ အခုလုပ်နေတဲ့အလုပ်တွေပါပဲ ချိုးဖောက်မှုတိုင်းဟာ အမှန်တရားနဲ့ သက်ဆိုင်ပါတယ်။ အမှန်တရားဆီကို တနေ့အမြန် သို့မဟုတ် အနှေးရောက်ရမှာဖြစ်တယ်။ ဒီဟာတွေကို သေချာစေဖို့အတွက် ဒီအတွက်ပဲ မှတ်တမ်းတင်နေရတာဖြစ်ပါတယ်။ ဆိုးရွားရက်စက်လှတဲ့ ချိုးဖောက်မှုတွေကို ကျနော်တို့က မှတ်တမ်းတင်နေတယ်။ ဒီအလုပ်က တကယ်တမ်းကျတော့ သာယာနာပျော်ဖွယ် ကောင်းတဲ့အလုပ် မဟုတ်ဘူး ဒါပေမဲ့ ဒီရွည်ရွယ်ချက်တွေနဲ့ပဲ တစ်နေ့ နစ်နာခံစားခဲ့ရသူ ပြည်သူတိုင်း တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုနဲ့ အမှန်တရားရရှိရေး သူတို့အတွက် ပြန်လည်ဖေးမကူညီတဲ့ ပြန်လည်ကုစားပေးသည့် သေချာတဲ့ အစီအစဉ်နဲ့ အနာဂတ်ကာလတစ်ခုမှာ တိုင်းရင်းသားလူမျိုးသော်လည်းကောင်း၊ ပြည်သူလူထု သော်လည်းကောင်း၊ နစ်နာခဲ့ရတဲ့ လူတစ်ယောက်ချင်းစီတိုင်း ဒီလိုမျိုးချိုးဖောက်မှုတွေ နောက်တစ်ကြိမ် ပြန်မဖြစ်ဖို့ဆိုတဲ့ အကာအကွယ်၊ အစီအမံတွေ အဲ့အကာအကွယ်၊ အစီအမံတွေကလည်း အခုဖြစ်ရပ်တွေကို အခြေခံတဲ့ ကာကွယ် တားဆီးမဲ့ ဥပဒေတွေ ဒီထုတ်ပြန်ကြေညာရမယ့် ကတိကဝတ်တွေအတွက် သေချာစေရမှာဖြစ်တယ်။ ဒါကြောင့် အခုကတည်းက ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေရတာဖြစ်တယ်။ မကြာတော့တဲ့တစ်နေ့မှာ ဒီလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အမှန်တရားတွေကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တုန်းကလည်း ICC လို့ခေါ်တဲ့ ကျနော်တို့ နိုင်ငံတကာခုံရုံးကနေတစ်ဆင့် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စတွေ ကြိုးပမ်းနေတာတွေ့ရတယ်။ ဒါက လူ့အခွင့်အရေးအတွက် တရားမျှတမှုကို ဆောင်ကျဉ်းရေးဆိုတဲ့ ကျနော်တို့ ခရီးလမ်းကို တွန်းအားပေး ခရီးရောက်ဖို့ဖြစ်တယ်လို့လည်း ယုံကြည်တယ်။ ဒီ ၂၀၂၅ မှာ ကျနော်တို့က လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး အဆိုးဆုံးရင် ဆုံးရင်ဆိုင်ရနိုင်တဲ့အခြေအနေကို ပြင်ဆင်ရမှာဖြစ်တယ်။ ဒါကြောင့်လည်းပဲ ပညာပေးလုပ်ငန်းတွေ၊ ကိုယ့်ဌာနေ ကိုယ့်ဒေသမှာ လူ့အခွင့်အရေးမှတ်တမ်းပြုပြီး ဘယ်လိုမျိုး အချက်အလက် မျှဝေရမလဲဆိုတဲ့ ကိစ္စရပ်တွေကိုပဲ ကျနော်တို့ အာရုံစူးစိုက်ပြီး လုပ်နေတာရှိတယ်။ ပိုပြီးကောင်းမွန်တဲ့ တစ်နေ့အထိ မျှော်လင့်ပြီးလုပ်ဆောင်သွားမှာဖြစ်တယ်။ မတရားမှုကို ခံစားနေရတဲ့ ပြည်သူတွေရဲ့ ခံစားမှုတွေဟာ အမှန်တရား စီရင်တဲ့ တရားမျှတမှုဆီကို ရောက်ရှိသွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

    မေး ။ ။ ဒီနိုင်ငံရေးအခြေအနေနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုဟာလည်း ဆက်တိုက်ဆိုသလို ဖြစ်နေတယ်ဆိုတဲ့အပေါ်မှာ ဒီ ၂၀၂၅ ခုနှစ်မှာ ဘယ်လိုအနေအထားဖြစ်သွားနိုင်မလဲ?

    ဖြေ ။ ။ စစ်အုပ်စုရဲ့လှုပ်ရှားမှုတွေ ပြည်တွင်းပဋိပက္ခအတွက် ပိုပြီးစိုးရိမ်ဖွယ်ကောင်းလာမှာတော့အမှန်ပဲ။ ဒီ ၂၀၂၅ ဟာ အဆုံးအဖြတ်နှစ်လို့လည်း ပြောလို့ရတယ်လို့ ယူဆလို့ရပါတယ်။ နိုင်ငံရေးအရတော့ ခန့်မှန်းရခက်ပေမဲ့ လည်း သွားနေတဲ့လမ်းကြောင်းအရဆိုလို့ရှိရင် သူတို့ နောက်ဆုံးဗျူဟာကို ထုတ်သုံးနေတဲ့အနေအထားရှိတယ်။ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်တာတို့၊ လူငယ်တွေကို သတ်ကွင်းပို့၊ ရှေ့တန်းပို့ပြီးတော့ ဒီလုံခြုံရေးကို အပြည့်အဝယူလိုက်တာ နောက်တစ်ခါ ဒီရုရှားတို့၊ တရုတ်တို့ အကူအညီနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နည်းပညာမြင့် ဒရုန်းတိုက်ခိုက်မှုတွေ အဝေးတိုက်ခိုက်မှုတွေ ပိုပြီး သုံးလာတဲ့အခြေအနေအထိ ရောက်လာနေတာတွေက စိုးရိမ် ဖွယ်ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ရေးရည်မှန်းချက် ဘယ်လောက်ပဲမြင့်မြင့် ကျနော်တို့ လူ့အခွင့်အရေး ကာကွယ်ပေးတဲ့ကိစ္စတွေက ကျနော်တို့တင်မဟုတ်ပါဘူး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း မြန်မာတစ်နိုင်ငံလုံးက သူ့ဒေသနဲ့သူ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစ်စိုတ်မတ်မတ် လုပ်နေတဲ့အခါကျတော့ ဖြစ်လာတဲ့ အခြေအနေတိုင်းကို ကျနော်တို့ ထုတ်ပြန်မယ်။ နိုင်ငံတကာ regional မှာ ရှိနေတဲ့ ဥပဒေပြုတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံအင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ၊ အေဂျင်စီတွေ၊ နိုင်ငံတကာအစိုးရတွေကနေတစ်ဆင့် ဖိအားပေးမှုတွေ အစဉ်အတိုင်းလုပ်သွားမယ်။ အခု ကျနော်တို့ ၃.၄၅ သန်းရှိတဲ့ စစ်ရှောင် စစ်ဘေးဒုက္ခသည်တွေ လတ်တလော အကူအညီထောက်ပံ့တွေ ရရှိဖို့အတွက် ဆက်ပြီးတော့ တွန်းအားပေး တောင်းဆို ထုတ်ပြန်ရမှာ ဖြစ်တယ်။ အဓိကတော့ နိုင်ငံတကာရဲ့ အပြန်အလှန် အရေးယူမှုဟာ သိပ်အရေးကြီးတယ်။ ခုနကပြောသလို ICC ရဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ကိစ္စတွေက ဒီလူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကာကွယ်ပေးရေးဆိုတဲ့ ကိစ္စရပ်ကို အရှိန်အဟုန်မြှင့်တင်တာလည်း ဖြစ်ပါတယ်။ များစွားလည် အကျိုးပြုစေတယ်။ အာဏာရှင်အတွက်လည်း နောက်တွန့်စေတဲ့ကိစ္စတစ်ရပ်လို့လည်း မြင်တယ်။ ၂၀၂၅ သည် တစ်ဖက်ကလည်း စိုးရိမ်ဖွယ်အသိနဲ့ ဖြစ်သလို တစ်ဖက်တွင်လည်း မျှော်လင့်ချက်ဖြင့် ဆက်ပြီး ရှေ့ဆက်သွားရမယ့်နှစ်လည်း ဖြစ်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts