မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင် မုဒုံ-သံဖြူဇရပ်လမ်းပိုင်းရှိ ဖောင်စိန်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုအတွင်း ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ပြောသည်။

စစ်ကောင်စီ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
ဖောင်စိန်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညာမွန်က ပြောသည်။
“သံဖြူဇရပ်မြို့အဝင်က ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ကျနော်တို့အဖွဲ့ပဲ တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ခိုက်မှုကြောင့် သူတို့(စကစ) ဘက်က ဗိုလ်ကြီးတစ်ယောက်နဲ့ တပ်သား တစ်ယောက် ဒဏ်ရာ ရသွားကြတာရှိတယ်” ဟု နိုင်ဗညာမွန်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းပေါ် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး တပ်အင်အား တိုးမြှင့်ချထားလျှက်ရှိကာ စစ်ဆေးမှုများ မကြာခဏ ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။
မွန်ပြည်သစ်ပါတီ NMSP-AD သည် စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်သစ်ပါတီ NMSP မှ ခွဲထွက်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မွန်၊ ကရင်နှင့် တနင်္သာရီဒေသတို့တွင် အဓိက လှုပ်ရှားသွးလာနေကြောင်း သိရသည်။