မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် လင်းဦး သေဆုံးသွားကြောင်း အာယုတောင် ပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရင်း ယင်းနေ့ညနေပိုင်းအချိန်တွင် သေဆုံးသွားခဲ့သည်ဟု အာယုတောင် ပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လင်းဦး ဆုံးသွားပြီ၊ ညနေ (နိုဝင်ဘာ ၂၃ ရက်) လောက်မှာ ဆုံးသွားတယ်။ လင်းဦးက လည်းပင်နဲ့ ဗိုက်မှာ သေနတ်ဒဏ်ရာအချက်ပေါင်းများစွာထိထားတယ်။ မော်လမြိုင်ဆေးရုံမှာ ဆေးကုနေရင်း ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
လင်းဦးပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရမှုအတွင်း ခေါင်းဆောင် လင်ဦးအပြင် အဖွဲ့ဝင် ၃ ဦးနှင့် လမ်းတွင် အလှူခံနေသည့်အမျိုးသားတစ်ဦးနှင့် လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“လင်းဦးက သတိနဲ့ နေနေတာပဲ ကင်းသမားတွေနဲ့ ဘာတွေနဲ့ရှိနေတဲ့အချိန်မှာပဲ ဟိုက ဝင်လာပြီး ဝိုင်းထားလိုက်တယ်။ ဝိုင်းပစ်တော့ လင်းဦးက ထွက်လို့မရတော့ဘူး။ သူ့ဘက်ကလည်း ပြန်ပစ်တယ်။ ဒါပေမယ့် သူတို့လူများနေတော့ ထွက်လို့မရတော့တာ” ဟု အထက်ပါ နီးစပ်သူက ဆက်ပြောသည်။
အာယုတောင် ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးသည် ဗိုလ်ကြီးအဆင့် တပ်ထွက်တစ်ဦးဖြစ်ပြီး အာယုတောင်-ရေးလမ်းတလျှောက်တွင် စစ်ဆေးရေးဂိတ်ဖွင့်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးလေ့ရှိသည်။
စစ်ဗိုလ်ဟောင်း လင်းဦး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ရှိနေသည့် ပြည်သူ့စစ်အဖွဲ့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း လင်းဦးပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို ရေးဘီးလူးအဖွဲ့က အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းကြောင့် အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။