Homeသတင်းမွန်တွင် အလုပ်သမားရှားပါးမှုကြောင့် ရာဘာအစေးခြစ်လုပ်ငန်း အများစု မလည်ပတ်နိုင်

မွန်တွင် အလုပ်သမားရှားပါးမှုကြောင့် ရာဘာအစေးခြစ်လုပ်ငန်း အများစု မလည်ပတ်နိုင်

-

ယခုနှစ် ပွင့်လင်းရာသီကာလ ရာဘာအစေးခြစ်လုပ်ငန်းစတင်ချိန်၌ မွန်ဒေသတဝိုက်တွင် အလုပ်သမားရှားပါးလာမှုကြောင့် ခြံအများစု မလည်ပတ်နိုင်ဘဲ အခက်တွေ့နေကြသည်ဟု ခြံပိုင်ရှင်များထံမှ သိရသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းများ အပြင် မိသားစုစားဝတ်နေရေးအတွက် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှု များပြားလာသော ကြောင့် ရာဘာအစေးခြစ်လုပ်သားရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။

“ဒီမှာ အလုပ်လုပ်နေတဲ့ သူတွေက ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံခြားကို သွားတာအရမ်းများ တော့ မိန်းကလေးပဲ သွားခြစ်၊ သွားလုပ်ဖို့က အဆင်မပြေဘူး၊ ပြီးတော့ အလုပ်က အခုခေတ်မှာ ဟို မြန်မာပြည်အထက်ပိုင်းက သူတွေ လာလုပ်ဖို့က လာလို့မရ အဲဒီလို အခက်ခဲဖြစ်နေတယ်” ဟု သံဖြူဇရပ်မြို့နယ် ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း လက်ရှိ စစ်ကောင်စီ၏ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်း၊ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ယူမှုများလုပ်ဆောင်လာနေခြင်းအပါဝင် စစ်တပ်တို့က ရာဘာခြံများ အတွင်း ကင်းပုန်းဝပ်နေခြင်းနှင့် ဥယျာဉ်ခြံ သွားလာခွင့်ကဒ်ပြုလုပ်ခိုင်းနေခြင်း စသည့်အခက် အခဲများရှိနေကြောင့်လည်း မွန်ဒေသရှိ ရာဘာအစေးခြစ်လုပ်ငန်းများ ကောင်းမွန်စွာ မလည်ပတ်နိုင်ဘဲဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ရာဘာခြံပိုင်ရှင်ဖြစ်သူတို့မှ အခကြေးငွေ တိုးမြှင့်ပေးပြီး လုပ်သားများကို ခေါ်ဆောင် နေသော်လည်း ဒေသအတွင်းရှိ လုပ်သားများသာမက အခြားဒေသက လုပ်သားများပါ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိသောကြောင့် အစေးခြစ်လုပ်ငန်း အများစု ရပ်နားထားရသည်ဟု ရေးမြို့ ရာဘာခြံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အခုက ရပ်နားထားရတဲ့ ခြံတွေ အများကြီးရှိတယ်။ လူမရှိဘူး၊ နိုင်ငံခြားထွက်ကုန်တော့ ဒီဘက်မှာ ကျန်တဲ့ ရာဘာခြစ်သမားတွေက ခြံကိုလည်း ရွေးတယ်။ သူတို့လုပ်ချင်တဲ့ ခြံကိုပဲ သူတို့ရွေးလုပ်တယ်။ အခုက ပြောင်းပြန်ဖြစ်နေတယ်၊ သူဌေးပိုင်ရှင်တွေက ရာဘာခြစ် အလုပ်သမားတွေထံ ကိုယ့်ကိုယ်ကို နှိမ်ချပြီး သူတို့ကိုခေါ်နေရတယ်။ သူတို့ အလုပ်လုပ်ပေးဖို့ အတွက်ပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်တွင် ရာဘာစိုက်ခင်းဧက ၅၀၀၀၀၀ ကျော်ရှိပြီး မြို့နယ် (၁၀) မြို့နယ်အနက် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့သည် ရာဘာအထွက်နှုန်း အများဆုံးဒေသဖြစ်သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts