spot_img
Thursday, December 5, 2024
More
    spot_img
    Homeသတင်းချောင်းနှစ်ခွရွာ ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုသော်လည်း လက်တွေ့ဖြစ်မလာသေး

    ချောင်းနှစ်ခွရွာ ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုသော်လည်း လက်တွေ့ဖြစ်မလာသေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် နှစ်ဖက်တိုက်ပွဲကြောင့် မီးလောင် ပျက်စီးခဲ့ရသည့် နေအိမ်များအပြင် ဒေသခံပြည်သူများ၏ လုံခြုံရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်ဓါတ်အားအသုံးပြုနိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေး မည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း လက်တွေ့ဖြစ်မလာသေးကြောင်း ဒေသခံတို့က ပြောသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ နေအိမ်နှင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေဟသာႅခန်းမ၌ ကျင်းပခဲ့ရာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “ပြီးခဲ့တဲ့လ (စက်တင်ဘာလ) က ကျိုက်မရော အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောထားတယ် လို့ ရွာလူကြီးတွေက ပြောတာပဲ။ ပျက်စီးနေတဲ့ အိမ်တွေကိုလည်း ပြင်ပေးမယ်လို့ ပြောထား တယ်။ ဘယ်အချိန်လာပြင်ပေးမယ်လို့တော့ မသိဘူး။ အခုက အိမ်တွေက ပျက်စီးနေတော့ ဒီအတိုင်းပဲ ထားထားရတယ်။ တချို့လူတွေကတော့ နေတယ်။ အများကြီးတော့ မဟုတ်ဘူး။ တစ်ကွဲတပြာစီပါပဲ။ ကျမတို့က ဒီကနေ့အထိ ဘာအထောက်အပံ့မှ မရခဲ့ပါဘူး” ဟု ချောင်းနှစ်ခွရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မီးလောင်ပျက်စီးသွားသည့် နေအိမ်ပေါင်း ၁၄၇ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၉၄ သိန်း ပေးအပ်ခဲ့သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဝက်ဆိုက်ဒ်စာမျက်နှာတွင် ဖော်ပြထားသည်ကို ဖတ်ရှုရသည်။

    တစ်ဖက်တွင်လည်း ချောင်းနှစ်ခွကျေးရွာအတွက် ပြည်နယ်စစ်ကောင်စီက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးမည်ဆိုသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်း လုံခြုံရေးအခြေအနေကြောင့် နေရပ်မပြန်ရဲကြသေးဟု ဒေသခံတို့က ဆိုသည်။

    “ကိုယ့်အိမ်ကို သွားပြန်ကြည့်လို့တော့ ရတယ်။ ပြန်တော့ မပြန်ရဲကြသေးဘူး။ ပြန်လည်ထူထောင်ရေးလုပ်ပြီးလို့ ပေးနေခိုင်းလည်း ဘယ်သူမှ မနေရဲကြပါဘူး။ အခြေအနေက အေးချမ်းနေတာမှ မဟုတ်တာ။ ရွာကလူတွေက တချို့ဆို မုဒုံမှာ နေနေကြတယ်။ တချို့ဆို ဖာသိမ်ဘက်မှာ နေနေကြတယ်။ မပြန်ရဲကြသေးဘူး” ဟု အခြားချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးရှိ နယ်မြေရဲစခန်းနှင့် အတ္ထရံတံတားလုံခြုံရေး ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်ခန့်မှစပြီး ဒေသတွင်းတိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။

    သို့သော် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းက ချောင်းနှစ်ခွကျေးရွာကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယခုအချိန်ထိ ကျေးရွာအတွင်းကို တပ်စွဲနေထိုင်လျှက်ရှိ သည်ဟု သိရသည်။

    ကျိုက်မရောမြို့ နယ် ချောင်းနှစ်ခွတိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ လက်နက်ကြီးထိပြီး နေအိမ်မီးလောင်မှုနှင့် စစ်ကောင်စီတပ်ဘက်က မီးရှို့မှုကြောင့် နေအိမ်မီးလောင်းပျက်စီးမှု အများအပြားရှိခဲ့သည့်အပြင် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်းအပါအဝင် ကျေးရွာ၂၀ နီးပါးက ဒေသခံပြည်သူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်ခဲ့ရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts