spot_img
Saturday, October 12, 2024
More
    spot_img
    Homeမေးမြန်းချက်ပါတီမှတ်ပုံခွင့်ကျလာသည့် MUP အနေဖြင့် အခက်အခဲစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး MUPပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနှင့် ဆက်သွယ်မေးမြန်း

    ပါတီမှတ်ပုံခွင့်ကျလာသည့် MUP အနေဖြင့် အခက်အခဲစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး MUPပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနှင့် ဆက်သွယ်မေးမြန်း

    -

    မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီသည့် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့် အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်သည်။

    ပါတီမှတ်ပုံခွင့်ကျလာသည့် မွန်ညီညွတ်ရေးပါတီအနေဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များ၊ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ်သဘောထား၊ လက်ရှိနိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး ။    ။ MUP အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပါတီမှတ်ပုံတင်ခဲ့တာလဲ၊ မှတ်ပုံတင်ပြီး ဘယ်လောက်အကြာမှ UEC က မှတ်တင်ခွင့် ပြုပေးတာလဲ?

    ဖြေ ။     ။ ကျနော်တို့က ဥပဒေအသစ်ပေါ့နော်။ နိုင်ငံရေးပါတီဥပဒေအသစ် ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ ကျနော်တို့ အဆင့်နှစ်ဆင့်ပေါ့။ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် မှတ်ပုံတင်ဆိုတာ ပါလာတယ်။ ပါလာတဲ့အခါကြတော့ ကျနော်တို့ကလည်း ဆွေးနွေးပြီးတော့ ပထမတော့ ကျနော်တို့ ပြည်ထောင်စုအဆင့်ကို မှန်းတယ်၊ နောက်ပြီးတော့ ကျနော်တို့က ငွေရေးကြေးရေးရော၊ နောက်ပြီးတော့ အင်အားရော ဘာရော အကုန်လုံးပေါ့၊ အခက်အခဲရှိတဲ့အခါကြတော့ ကျနော်တို့ ပြည်နယ်အဆင့်ကို မွန်ပြည်နယ်အနေနဲ့ တင်လိုက်တယ်။ ကျနော်တို့ တင်ဘာ ၂၀၂၃ မတ်လ ၁၅ ရက်နေ့ပေါ့နော်။ အခု ကျလာတော့ စက်တင်ဘာ ၉ ရက်နေ့ပေါ့၊ တစ်နှစ်ခွဲနီးပါးပေါ့နော်၊ ကြာသွားတာပေါ့။

    မေး ။    ။ အခု ပါတီ မှတ်ပုံတင်ကျလာပြီးဆိုတော့ ဆရာတို့ ဘာတွေဆက်လုပ်သွားဖို့ရှိလဲ?

    ဖြေ ။     ။ အဲဒါက ကျနော်တို့ လာမယ့် ဒီအပတ်မှာပေါ့လေ၊ ကျနော်တို့ CEC အစည်းအဝေးပြန်ထိုင်မယ်။ ထိုင်ပြီးတော့ ပါတီရှေ့ဆက်ဘယ်လိုသွားမလဲဆိုတာ ကျနော်တို့ ထပ်ပြီးတော့ ဆွေးနွေးရဦးမှာ၊ ဆွေးနွေးရဦးမှာပေါ့။

    မေး ။    ။ နောက်ပြီး စစ်ကောင်စီက ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြောထားတယ်။ MUP အနေနဲ့ ဒီရွေးကောက်ပွဲကို ဝင်ဖို့ရှိလား? ဘယ်လိုသဘောထားရှိလဲ?

    ဖြေ ။     ။ အခုကတော့ ရွေးကောက်ပွဲ လုပ်မယ်လို့ပဲ ကြားထားတာပေါ့နော်။ ဒီရွေးကောက်ပွဲကို ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ ကျနော်တို့ အတိအကျတော့ မသိသေးဘူး။ နောက်ပြီးတော့ UEC ကလည်း ဘာမှကြေညာချက် မထုတ်သေးဘူးဆိုတော့ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်ဘူးဆိုတာ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးပေါ်မှာ မူတည်တာပေါ့။ နောက်ထပ်လည်း ကျနော်တို့ အစည်းအဝေးတွေ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွေ ဗဟိုကော်မတီအစည်းအဝေးတွေ ခေါ်ပြီးတော့ ကျနော်တို့ ဒီရွေးကောက်ပွဲ ကိစ္စရော ကျန်တဲ့ ပါတီကိစ္စတွေရော ဘယ်လို ဆက်သွားမလဲဆိုတာ ကျနော်တို့ ထပ်ပြီးတော့ ဆွေးနွေးရဦးမှာ အဲဒီတော့ လောလောဆယ်မှာတော့ အဲဒါကို အတိအကျတော့ မပြောနိုင်သေးဘူးပေါ့။

    မေး။     ။  တစ်ဘက်မှာလည်း MUP ပါတီက စစ်တပ်နဲ့ ပူးပေါင်းတဲ့ပါတီဆိုပြီးတော့ ပြည်သူလူထုကြားမှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေတယ်။ ဒီလိုဝေဖန်မှုတွေကြားမှာ MUP ပါတီအနေနဲ့ ဘယ်လို ရပ်တည်သွားမလဲ?

    ဖြေ။      ။ အဓိကတော့လေ ကျနော်တို့ မှတ်ပုံတင်တာက ကျနော်တို့ မွန်ညီညွတ်ရေးပါတီနဲ့ ပြည်သူလူထုကြား ထဲမှာ ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ ပိုရလာအောင်၊ တကယ်လို့ မှတ်ပုံတင် မတင်ဘူးဆိုလို့ရှိရင် ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ ပါတီကြားထဲမှာ ပြောတဲ့ အကြံဉာဏ်တွေကို ရယူဖို့တော့ ခက်ခဲတယ်။ အခုဆိုလို့ရှိရင် ကျနော်တို့ မှတ်ပုံတင်ကျလာတဲ့အတွက် ကျနော်တို့ တရားဝင် ဆွေးနွေးလို့ရတယ်။ ပြည်သူလူထုဆီက အကြံဉာဏ်တွေ ယူလို့ ပိုပြီးတော့ လွယ်ကူသွားတဲ့ အနေအထား ဖြစ်လာတာပေါ့။ အဲဒါကြောင့်မို့လို့ ကျနော်တို့ မှတ်ပုံတင်တာကို ကျနော်တို့ ဆုံးဖြတ်လိုက်တယ်။ အခုလည်း မှတ်ပုံတင် ကျတယ်ဆိုတော့ လူထုဆက်ဆံရေးနဲ့ ပိုပြီးတော့ နီးကပ်လာတာပေါ့။

    မေး ။    ။ နောက်တခုက အခုဆိုရင် မွန်တော်လှန်ရေးအင်အားတွေအပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေက ရွေးကောက်ပွဲကို လက်မခံဘူး။ ရွေးကောက်ပွဲဖြစ်ဖို့ ကူညီတဲ့လူတွေ ပူးပေါင်းတဲ့လူတွေကိုလည်း အရေးယူသွားမယ်ဆိုပြီး ပြောဆိုနေတာလဲရှိနေတော့။ ဆရာတို့အပါပေါ့လေ နိုင်ငံရေးပါတီအတွက်က ဘယ်လို စိန်ခေါ်မှုမျိုး ဖြစ်လာနိုင်မလဲ?

    ဖြေ ။     ။ ဒါကတော့ စိန်ခေါ်မှုတွေတော့ အများကြီးပေါ့နော်။ အဓိကတော့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုလို့ရှိရင် ပါတီမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရယ်၊ နောက်ပြီးတော့ ပါတီကိုယ်စား ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရယ် လုံခြုံရေးကိုတော့ ကျနော်တို့ စိန်ခေါ်မှုတွေ ဖြစ်လာတာပေါ့။ နောက်ပြီးတော့ ကျနော်တို့ကလည်း ဘယ်လိုပြောမလဲ ပြုပြင်ပြောင်းလဲရေးပေါ့၊ ပြုပြင်ပြောင်းလဲရေးဆိုတာ အပြင်မှာပဲ လုပ်လို့မရဘူးလေ။ ကျနော်တို့ ပြည်တွင်းမှာလဲ လုပ်ရမယ်။ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကျနော်တို့ ၂၀၁၀ အနေအထားကို ကြည့်လို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးက အကုန်လုံးဆန့်ကျင်ကြတာပဲလေ။ နောက်ပြီးတော့ ရွေးကောက်ပွဲဖြစ်တယ်။ လွှတ်တော်ပေါ်လာတယ်။ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်ပေါ်လာတဲ့ အခါကြတော့ တဖြည်းဖြည်းနဲ့ အနေအထားက ကောင်းလာတဲ့ အနေအထား ဖြစ်လာတယ်။ အခုလည်း ထိုနည်းလည်းကောင်းပဲလေ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုလို့ရှိရင် လွှတ်တော်တွေ ရှိလာမယ်။ အစိုးရတွေ ရှိလာမယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်ပြီးတော့ လုပ်လာနိုင်မယ်။ တိုင်းပြည်ရဲ့ အခြေအနေက ပိုပြီးတော့ ရှေ့ကို ဆက်သွားလို့ရမယ်လို့ မြင်တယ်။ အဲဒီလို ယူဆတယ်။

    မေး ။    ။ ဆရာတို့ မှတ်ပုံတင် မကျခင် မှတ်ပုံတင်ကျထားပြီးတဲ့ နိုင်ငံရေးပါတီအချို့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ၂၀၀၈ ခြေ/ဥကို ဖျက်သိမ်းတာထက်၊ တစ်ခုချင်းပြင်တာကို သူတို့က လက်ခံတယ်။ လာမယ့်လွှတ်တော်ကြရင် ဒါတွေကို အတည်ပြုမယ်လို့ ပြောတာကြားရတယ်။ စစ်တပ်အနေနဲ့ကရော ၂၀၀၈ ခြေ/ဥ ပြင်တာကို လက်ခံတယ်ဆိုတာ ဘယ်လိုမျိုး အာမခံချက်ရှိနိုင်သလဲ။ ဆရာတို့‌ရော စစ်တပ်ပြောတဲ့အပေါ် ဘယ်သဘောထား ရှိလဲ။

    ဖြေ ။     ။ ဒါက‌တော့ အပိုင်းနှစ်ပိုင်း ရှိတယ်လေ။ အပိုင်းနှစ်ပိုင်း ကျနော်တို့ စဉ်းစားရမှာ နံပတ်တစ်က ဒီ ၂၀၀၈ ကို ပြင်မှာလား။ ဒါမှမဟုတ် အသစ်ရေးဆွဲမှာလား။ အဲဒါက အရမ်းလိုအပ်တယ်။ တကယ်လို့ ၂၀၀၈ ကို ရေးဆွဲမယ်ဆိုလို့ရှိရင် အထူးသဖြင့်က နိုင်ငံရေးပါတီ အတော်များများက တပ်မတော်ပါနေတာကိုတော့ ပယ်ချချင်တယ်။ အဲဒါဆိုလို့ရှိရင် ကျနော်တို့ တစ်ခု ပြန်စဉ်းစားရမယ်။ တပ်မတော်အပေါ်မှာ ကျနော်တို့ ဘယ်လောက်အထိ တာဝန်ခံ၊ တာဝန်ယူတဲ့ ခေါင်းဆောင်တွေ ရှိဖို့လိုတယ်။ နောက်တပ်မတော်ကလည်း နိုင်ငံရေးသမားတွေအပေါ် ဘယ်လောက်ထိ တာဝန်ခံနိုင်မလဲ။ ဒါကတော့ တကယ့်စိန်ခေါ်မှု တရပ်ဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။ နောက်ပြီးတော့ အသစ်ရေးဆွဲတဲ့ လုပ်ငန်းစဉ်တွေလည်း အရမ်းကို ခက်ခဲတယ်။ နောက်ပြီးတော့ တပ်မတော်ဖက်ကလည်း လက်ခံနိုင်မလား။ ဒါကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ စေ့စပ်ညှိနှိုင်းပြီးတော့မှ လုပ်ရမယ့် အနေအထားလို့ ထင်တာပေါ့။ ဒါကတော့ အရမ်းကို ခက်ခဲတယ်။ ဖြစ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အများကြီးဆွေးနွေးရဦးမှာပေါ့။ ဒါကတော့။

    မေး ။    ။ အခုအနေအထားမှာ တိုင်းပြည်တစ်ဝှမ်း နယ်စပ်ဒေသမှာသာမက ပြည်မအထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာတာတွေ့ရတယ်။ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေက တစ်ဖက်နဲ့ တစ်ဖက် အပြုတ်တိုက်ရေး လုပ်နေတယ်။ ဒါပေမဲ့ ဆရာတို့ နိုင်ငံရေးပါတီအစုအဖွဲ့တွေ တချို့ EAO တွေကြတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာ လက်ခံတယ်ပေါ့လေ။ ဆိုတော့ ဒီပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ရမယ်လို့ ဆရာတို့ ယုံကြည်လား။

    ဖြေ ။     ။ ကျနော်တို့က ဘယ်လိုပြောရမလဲ။ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမှာပေါ့နော်။ နောက်ဆုံးတော့ တစ်ဖက်နဲ့ တစ်ဖက် ဘယ်လိုပဲ တိုက်တိုက် ပြည်သူလူထုက လက်မခံလာတဲ့ အနေအထားရောက်လို့ရှိရင်တော့ စားပွဲပေါ်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတော့ လုပ်ရမှာ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် ကျနော်တို့ နိုင်ငံရေးပါတီတွေ ပါဝင်နေတဲ့ အင်အားစုတွေမက ကျနော်တို့ ပြည်သူလူထုတွေကလည်း တွေ့ဆုံဆွေးနွေးမှုဖြစ်အောင် တွန်းအားပေးလို့ရှိရင်‌ တွေ့ဆုံဆွေးနွေးမှုက ပိုပြီးတော့ နီးကပ်လာမယ်။ နောက်ပြီးတော့ နိုင်ငံတကာအဝန်းအဝိုင်းတွေပေါ့နော် ပိုပြီးတော့ ဖိအားပေးလာမယ်။ နောက် အခုအနေအထားက ဘာပဲဖြစ်နေနေ စီးပွားရေး အရမ်းကျလာတယ်။ ပြည်သူလူထုတွေ ပိုပြီးတော့ အခက်အခဲဖြစ်လာတယ်။ ကုန်ဈေးနှုန်းတွေ အများကြီး တက်လာတယ်။ နောက်ပြီးတော့ လောင်စာဆီ ပြဿနာတွေ ပြည်သူလူထုက နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အနေအထားမှာ ပြည်သူလူထုကလည်း တဖြည်းဖြည်းနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်မှရတော့မယ်ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးလည်း တွန်းအားပေးလာမယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုက ပိုပြီးတော့ နီးကပ်လာတာပေါ့။

    မေး ။    ။ ပါတီမှတ်ပုံတင်ကျလာတာနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားလိုသေးလဲ။

    ဖြေ ။     ။ ရှေ့လုပ်ငန်းစဉ်အတွက်ကတော့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေပြီးတော့ ဘယ်လို ပြီးတော့မှပဲ ကျနော်တို့ တိတိကျကျပြောလို့ရမယ်။ တကယ်လို့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက မလုံလောက်ဘူးဆိုရင် ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးတွေ ခေါ်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ ဘယ်လို ချမှတ်သွားမလဲဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးရမယ်ပေါ့။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    28,400SubscribersSubscribe
    spot_img

    Latest posts