အာဏာသိမ်းကာလတစ်လျှောက် စစ်တပ်မှ နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်သည့် အမျိုးသမီးများကို ဖမ်းဆီးထောင်ချလျှက်ရှိပြီး အဆိုပါနိုင်ကျဉ်းသူများကို အကျဉ်းထောင်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM မှတာဝန်ရှိသူအမျိုးသမီးတစ်ဦးကပြောသည်။
တိုက်ပိတ်ခံထားရသည့်နိုင်ကျဉ်းသူများ အစာရေစာဖြတ်ခံထားရမှု၊ စစ်ကြောရေးတွင်ရိုက်နှက်ခံရပြီး စစ်တမ်းကောက်ချိန်စာရင်းမပါဝင်ဘဲ လူမသိသူမသိအသက်ဆုံးရှုံးခံရမှုတို့ ဆက်တိုက်လုပ်ဆောင်ခံနေရသည်ဟု ဆိုသည်။
ကျိုက်မရောထောင်တွင် ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းလောက်က နိုင်ငံရေးအကျဉ်းသူ/သား ၄၀ ဝန်းကျင်ကို ဒိုက်ဦးထောင်သို့ပြောင်းရွှေ့ထားပြီး ယင်းအထဲတွင် ကျိုက်မရောထောင်မှနိုင်ငံရေးအကျဉ်းသူ ၃ ဦးအပြင် အခြားအကျဉ်းထောင်မှနိုင်ကျဉ်းသား/သူ စုစုပေါင်း ၇ ဦးကို အကျဉ်းဦးစီးတာဝန်ရှိသူတို့က ဥပဒေမဲ့အင်အား သုံးရိုက်နှက်မှုကြောင့်
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စပြီးအဖမ်းခံရကတည်းကသူတို့တပ်ခြင်းတဲ့ပုဒ်မကိုတပ်လိုက်တယ်။ သူတို့တွေက တကယ်ဆိုရင် အပြစ်မရှိဘဲနဲ့ အပြစ်သားလို့ တရားရုံးမှာအမိန့်မချမချင်းအပြစ်သားမဟုတ်သေးဘူးပေ့ါနော်၊ စဖမ်းပြီးဆိုကတည်းက ရိုက်နှက် ပြီးဖမ်းတယ်။ လက်ထိပ်ခတ်တယ် စစ်ကားပေါ် ခေါ်သွားပြီးတော့ တစ်ချို့ကစစ်ကြောရေး ကိုပို့တယ်၊ အချို့ကျ ထောင်ထဲတန်းပို့ခံရတယ်။ စစ်ကြောရေးမှာလူမသိသူမသိသေဆုံးရတာလည်းရှိတယ်၊ ရဲစခန်းက စစ်ကြောမှာဖမ်းဆီး တာတွေက ၁၀ ဦးလောက်၊ရဲစခန်းမှာက ၂ယောက်လောက်ရှိတယ်။”ဟုပြောသည်။
လက်ရှိ ကျိုက်မရောအကျဉ်းထောင်တွင်ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ ၂၀၀ ဝန်းကျင် ခန့်ရှိပြီး၊ ယင်းအထဲတွင်စစ်ကြောရေးတွင် ၁၀ ဦးခန့်နှင့် ရဲစခန်းတွင် ၂ ဦးဝန်းကျင် ထိန်းသိမ်းခံထားရကြောင်း PPNM မှဦးဆောင်ကော်မတီဝင်တစ်ဦးကပြောသည်။
၂၀၂၁ ခုနှစ်အာဏာသိမ်းကာလမှစ၍ ယခုနှစ်သြဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံရေးအကြောင်းပြချက်ဖြင့် အမျိုးသမီး ၅၆၄၉ ဦးဖမ်းဆီးခံထားရပြီး ၊ သတ်ဖြတ်ခံရသူ ၁၁၃၂ ဦးအထိရှိကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ “နွေဦးတိုက်အတွင်းမှ အကျဉ်းစံအမျိုးသမီးများ”ဆိုသည့်ထုတ်ပြန်ချက်နှင့် စက်တင်ဘာ ၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။
၎င်းအပြင် AAPP ၏အစီရင်ခံစာအရ စစ်ကောင်စီအကျဉ်းထောင်တွင်ဖမ်းဆီးခံထားချိန်တွင်သေဆုံးသူ ၈ ဦး၊ ရဲစခန်းတွင် ၂ ဦးနှင့် စစ်ကြောရေးတွင် ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်ဇွန်လတွင် ဒိုက်ဦးထောင်၌ နိုင်ငံရေးအကျဉ်းသူ ၈၀ ကျော်ကို ထောင်အာဏာပိုင်များကရိုက်နှက်ခဲ့ရာ အမျိုးသမီး ၅ ဦးဒဏ်ရာရရှိခဲ့ပြီ ၃၀ ကျော်တိုက်ပိတ်ခံထားရကြောင်းသိရသည်။