Homeသတင်းမောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လောင်းလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး

မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် လောင်းလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး

-

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာထက်မနည်းကို အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီတပ် လှည့်ပတ်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တို့မှ သြဂုတ်လ ၁၇ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး စတင်ဝင်ရောက်လာခြင်းဖြစ်သည်။

ထားဝယ်-မောင်းမကန် ကားလမ်းရှိ ခလရ ၁၀၄ နှင့် ခမရ ၄၀၃ မှ ပူးပေါင်းစစ်အင်အား ၂၀၀ ခန့် မောင်းမကန်ရဲစခန်းသို့ စတင်ဝင်ရောက်လာပြီး ထိုမှတဆင့် နီးစပ်ရာကျေးရွာများသို့ စစ်ကြောင်းထိုးနေသည်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “မောင်းမကန်က KTV တွေ မီးရှို့ခံရတယ်။ အဲဒီနောက်နေ့ပဲ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတယ်။ အဲဒီမှာ သူတို့ဆင်းလာကြတာ။ KTV တွေကလည်း သူတို့အမြဲလိုလိုသွားနေတဲ့ နေရာတွေပေါ့။ အဲ့တာကို PDF အဖွဲ့တွေက မီးတက်ရှို့သွားတာ” ဟု ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ်ရှိ KTV ၆ ခုကို ဘထူးတပ်မတော်မှ ဒေသခံများ၏ တိုင်ကြားမှုအရဟုဆိုကာ မီးရှို့ဖျက်စီးခဲ့သည်။

အဆိုပါဖြစ်စဉ်များအပြီး စစ်ကောင်စီတပ်မှ မောင်းမကန်ရွာနှင့် ပန်းဒက်အင်းရွာသို့ စစ်ကြောင်းထိုးကာ ဒေသခံနေအိမ်များကို ဖျက်စီးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် မောင်းမကန်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပြေးလွှားနေသည့်အမျိုးသားတစ်ဦးကို စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကြောင်းများအပြင် ခလရ ၁၀၄ နှင့် တောမိုးတောင်တွင် အထိုင်ချထားသော တပ်များမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts