မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒု-အဖွဲ့ခေါင်းဆောင် (၁) ဖြစ်သူ နိုင်ဗညားလယ်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းပြီး မြန်မာဘာသာသို့ အနီးစပ်ဆုံး ပြန်ဆို၍ ဖော်ပြခြင်းဖြစ်သည်။
IMNA – လက်ရှိအာဏာသိမ်း စစ်ကောင်စီနှင့် သူတို့ရဲ့စစ်တပ်အင်အား အခြေအနေအပေါ် ဘယ်လိုသုံးသပ်လို့ရနိုင်မလဲ။
နိုင်ဗညားလယ် – ၂၀၂၁ စစ်အာဏာမသိမ်းခင်ကဆို ချင်း၊ ရခိုင်ပြည်နယ်နှင့် ဗမာလူမျိုးတွေ အများစုနေ ထိုင်ရာ မန္တလေး၊ စစ်ကိုင်၊ မကွေးတိုင်းတို့ဟာ ယခင်က (စစ်ကောင်စီ) စစ်တပ်အတွက် လူသစ်စု ဆောင်းတဲ့အဓိက နေရာဒေသတွေပဲဖြစ်တယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ အခြေ အနေက ပြောင်ပြန်ဖြစ်သွားပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတော်လှန်နေတဲ့ အမာခံ ဒေသတွေဖြစ်နေတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခါ (၂၀၂၃ ခုနှစ်) အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေကြောင့်လည်း စစ်တပ်မှာ အခြေ အနေတွေ အကြီးအကျယ် ပြောင်းလဲသွားတာရှိတယ်။ သူတို့တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာနဲ့ သူတို့ (စစ်ကောင်စီ) စစ်သားတွေ ပြေးကြတယ်၊ လွယ် လွယ်လေးနဲ့ ဆုတ်ခွာပေးလိုက်တယ်။ အရင်ကလိုမျိုး သေရေးရှင်ရေး ခုခံပြီး ပြန်တိုက်ခိုက်တာ မျိုးမရှိတော့ ဘူး။ (စစ်ကောင်စီ) စစ်တပ်မှာ စိတ်ဓါတ်အင်အားတွေ လျှော့နည်းလာတာကို တွေ့ရတယ်။ ဘာကြောင့် အဲဒီလိုဖြစ်သွားလဲဆိုတော့ ပြည်သူလူထုတွေ လက်မခံဘဲ ကန့်ကွက်နေတဲ့ ဒီစစ် ကောင်စီရဲ့ စစ်သားတွေကိုယ်တိုင်က သူတို့ခေါင်းဆောင်အပေါ်ထားတဲ့ အမြင်၊ သူတို့ စစ်တပ် အပေါ် ထားတဲ့ယုံကြည်မှုတွေက ကျဆင်းလာတယ်လို့ ကျွန်တော်တို့မြင်တယ်။
သတင်းအချက်အလက်တွေအရဆို အရင်ကတော့ စစ်ကောင်စီမှာ တပ်အင်အား ၅ သိန်းလောက် တော့ ရှိမယ်လို့ တွက်ထားပေမယ့် တကယ့်လက်တွေ့မှာတော့ မပြည့်ဘူးပေါ့။ အခုအခြေအနေ အရဆို သူတို့ (စစ်ကောင်စီ) တပ်အင်အားက ၇ သောင်း၊ ၈ သောင်းကြားပဲ ရှိနိုင်တယ်။ သူတို့မှာ တပ်အင်အား နည်းလာသလို သူတို့ရဲ့စိတ်ဓါတ်ရေးရာမှာလည်း အရင်ကထက် လျော့ကျနေ တယ်။ ဒါကြောင့် အသက်ပြည့်ရင် စစ်မှုမထမ်းမနေရဆိုပြီးတော့ စစ်သားအသစ်တွေ စုဆောင်း ပြီး စစ်သင်တန်းတွေပေးတယ်။ အခုဆိုရင် သူတို့စစ်ရေးလှုပ်ရှားမှုက နည်းနည်းပြန်များလာတာ ကို ကျွန်တော်တို့တွေ့ရတယ်။
သူတို့ (စစ်ကောင်စီ) မှာ အရာရှိတွေ မကြာခဏ အပြောင်းအလဲ လုပ်နေတာတွေ့ရတယ်။ ဒီလို မျိုးအပြောင်းအလဲတွေ လုပ်နေရတာဟာ အတွင်းရေးပြဿနာရှိနေလို့ပဲဖြစ်တယ်။ တကယ်လို့ ကိုယ့်အဖွဲ့အစည်းမှာ အားကောင်းနေတယ်၊ ခိုင်ခန့်နေတယ်ဆိုရင် အခုလိုမျိုး အရာရှိတွေကို ခဏခဏပြောင်းနေစရာ မလိုဘူးလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ ခြေလျင်တပ်နှင့် စစ်ကြောင်း ထိုးတာတွေ သိပ်မလုပ်နိုင်တော့ပေမယ့် လေကြောင်းအားကိုးနဲ့ ထိုးစစ်တွေ ဆက်တိုက်လုပ်နေ တယ်၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် တာလောက်ပဲရှိတော့တယ်။
နိုင်ငံတကာဘက်ကိုကြည့်မယ်ဆိုရင် တရုတ်၊ ရှရှားတို့ကတော့ စစ်ရေးကော စီးပွားရေးအနေနဲ့ပါ စစ်ကောင်စီကို အပြည့်အဝထောက်ခံနေတယ်။ အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယစတဲ့နိုင်ငံတွေကလည်း စစ်ကောင်စီကို ဆက်လက်အသိအမှတ်ပြုပြီးတော့ ဆက်ဆံနေတာကို တွေ့ရတယ်။ ပြီးတော့ အနောက်နိုင်ငံတွေကို ကြည့်မယ်ဆိုလည်း စစ်ကောင်စီ အကြပ်တွေ့အောင် ဖိအားပေးနေပေမယ့် သူ (စစ်ကောင်စီ) ပြုတ်ကျသွားတဲ့အထိကိုတော့ အနောက်နိုင်ငံတွေက သိပ်လိုလားပုံမပေါ်ဘူး။ ဘာလို့လဲဆိုတော့ စစ်အစိုးရစနစ်ကို အားနည်းအောင် လုပ်မယ်၊ ပြီးရင် တွေ့ဆုံဆွေးနွေးမှုတွေ ဖော်ဆောင်စေပြီးတော့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် အနောက်နိုင်ငံတွေက ဖိအားပေးနေတယ်လို့ ကျွန်တော်တို့မြင်တယ်။
ပြန်သုံးသပ်လိုက်ရင် ဒီနေ့စစ်ကောင်စီရဲ့အခြေအနေက အားနည်းနေပြီဖြစ်တယ်။ ဒါပေမယ့် သူတို့ (စစ်ကောင်စီ) ကို အမြစ်ဖြတ်နိုင်ဖို့အရေးက မနက်ဖြန်တဘက်ခါ ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်သေးဘူး။ ဘယ်လိုအခြေအနေပဲရှိရှိ လူထုတွေ ရတဲ့နည်းနဲ့ သူ့တို့ကို ဆက်လက်တော်လှန်နေမယ်ဆို သူတို့ကျရှုံးရလိမ့်မယ်။ တစ်ခုပဲကျွန်တော်တို့ သတိထားရမယ် စစ်တပ်က ဖန်တီးမယ့် ထွက်ပေါက်အစီအစဥ်ကိုပေါ့။ ဒီအပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနှင့် ဝေဝါးမသွားဖို့ အရေးကြီးတယ်။
IMNA – စစ်ကောင်စီဘက်က သူထွက်ပေါက်အတွက် လုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ AD အနေနှင့် ဘယ်လိုသဘောထားရှိပါသလဲ။
နိုင်ဗညားလယ် – စစ်တပ်မှာ အကျပ်အတည်းတွေနဲ့ ကြုံရပြီဆိုရင် ထွက်ပေါက်ရှာတော့တာပဲ။ သူတို့ရှာမယ့် ထွက်ပေါက်ကလည်း ရွေးကောက်ပွဲနည်းလမ်းတစ်ခုပဲ ရှိတယ်လို့ မြင်တယ်။ ရွေးကောက်ပွဲဖြစ် မြောက်နိုင်ဖို့ကိုလည်း သူတို့ပြောထားပြီးဖြစ်တယ်။ စစ်တပ် လုပ်မယ့်ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ အခြေခံပြီးတော့လုပ်မယ်။ လူထုထောက်ခံတဲ့ NLD၊ SNLD နဲ့ တခြားတိုင်းရင်းသား ပါတီတွေကို ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရအောင် သူတို့ကန့်သတ်ထားပြီးတော့ သူတို့ (စစ်ကောင်စီ) စကားကို နာခံတဲ့ပါတီတွေလောက်နဲ့ပဲ ဒီလာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်ဖို့ သူတို့စီစဥ်ထားတာကို တွေ့ရတယ်။
ဆိုတော့ စစ်ကောင်စီက လုပ်ဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ တခုထက်မပိုဘူး။ လက်ရှိသူတို့ရယူထားအာဏာကို ရေရှည်ဆက်လက်ကိုင်ဆုပ်နိုင်ရေးအတွက်ပဲ ဦးတည်တာဖြစ်တယ်။ တစ်ဖက်မှာလည်း တရုတ်နဲ့ အနောက်နိုင်ငံတွေအနေနဲ့က ရွေးကောက် ပွဲဖြစ်မြောက်ဖို့ စစ်ကောင်စီကို ဖိအားတွေပေးနေတာမျိုးရှိတယ်။ အဲဒီတော့ လူထုထောက်ခံမှု မရှိဘဲ ရွေးကောက်ပွဲကို ဒီအတိုင်းလုပ်ပြီး အောင်မြင်သွားမယ်ဆိုလည်း ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးပြဿနာက ပြေလည်လာနိုင်မှာမဟုတ်ဘူး။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာ၊ နိုင်ငံရေးပဋိပက္ခတွေကို ဘာမှမဖြေရှင်းရသေးပဲနဲ့ ရွေးကောက်ပွဲပဲ လုပ်ဖို့ကြိုးစားနေ တာဟာ ပဋိပက္ခတွေကို ပိုကြီး ထွားလာစေမယ်၊ သွေးထွက်သံယိုမှုတွေလည်း ပိုပြီးတော့ များ လာလိမ့်မယ်လို့ ကျွန်တော်တို့မြင်တယ်။
IMNA – မဟာမိတ်အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မူဝါဒတွေ ဘယ်လိုမျိုးချမှတ်ထားတာရှိလဲ၊ လက်တွေ့မြေပြင်မှာရော ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်နေတာရှိလဲ။
နိုင်ဗညားလယ် – ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့အထဲမှာ ဖော်ပြ ထားတာရှိပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ် ဖြတ် တိုက်ဖျက်ရာမှာ ကျွန်တော်တို့တစ်ဖွဲ့တည်းအားနဲ့ သီးခြားလုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ ဘဝတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းရမှာဖြစ်သလို နွေးဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နဲ့လည်း ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်တယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ သူရဲ့လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ PDF တွေ၊ NUG လက် အောက်ခံမဟုတ်တဲ့အခြားတော်လှန်ရေးတပ်ဖွဲ့ PDF တွေ နောက် ကျွန်တော်တို့ မဟာမိတ်ဖြစ် တဲ့ KNU တို့နဲ့ ဆက်ဆံ၊ တွေ့ဆုံဆွေးနွေးနေကြတာရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့မွန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေကြပါတယ်။ လက်ရှိမြေပြင်မှာ တိုက်ပွဲဝင် နေတဲ့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ NUG အောက်မှာရှိတဲ့ PDF တပ်ဖွဲ့၊ KNU နဲ့ အခြားမွန်တော်လှန်ရေးတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို တိုက်ခိုက်နေတာရှိပါတယ်။
IMNA – ကိုယ့်ကံကြမ္မာဖန်တီးရေးခရီးအရောက်လှမ်းနိုင်ဖို့အတွက် ဘယ်လိုလုပ်ငန်းစဥ်တွေ ချ မှတ်ထားတာရှိပါသလဲ။
နိုင်ဗညားလယ် – ကျွန်တော်တို့အနာဂတ်လုပ်ငန်းစဥ် Roadmap အစီအစဥ်ထဲမှာ တစ်အချက်က မွန်တော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်။ နှစ်အချက်က ဘဝတူ အခြားတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေ၊ နွေးဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တိုက်ဖျက်မယ်။ စစ်အာဏာရှင်စနစ် ကျဆုံးသွားပြီဆို တော်လှန်ရေးအဖွဲ့ အားလုံးပါဝင်တဲ့ အသွင်းကူပြောင်းရေးကာလမှာ ဥပဒေသစ်တစ်ခု ရေးဆွဲပြဌာန်းပြီးတော့ အဲဒီ ဥပဒေနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အစိုးရကို ဖွဲ့စည်းဆောင်ရွက်သွားမယ်။ အဲဒီ ကနေတဆင့်ပဲ Stakeholders အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ပြီးတော့ နိုင်ငံ ထူထောင်ဖို့ လိုအပ်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအားလုံးကို ဆွေးနွေး အတည်ပြုသွားမယ်။ နောက် တဆင့်ကျတော့ အဲဒီဥပဒေတွေနဲ့ပဲ အခြေခံပြီး ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲရလဒ် ကနေ စစ်မှန်တဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်အစိုးရကို ဖွဲ့စည်းပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအဖြစ် ထူထောင်မယ့် လုပ်ငန်းစဥ်မျိုးတွေ ချမှတ်ထားတာတော့ ရှိတယ်။
IMNA – လာမည့်အနာဂတ်မှာ ဘယ်လိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမျိုး တည်ထောင်သွား ဖို့ မွန်ပြည်သစ်ပါတီ AD က ရည်ရွယ်ထားပါသလဲ။
နိုင်ဗညားလယ် – ကျွန်တော်တို့ရည်ရွယ်ထားတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပုံစံက တိုင်း ရင်းသားပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံကို တည်ထောင်မယ်။ ကိုယ့်ပြည်နယ်အတွက် လိုအပ် မယ့် ဥပဒေတွေကို ရေးဆွဲပြီးတော့ ဘယ်လိုအာဏာတွေကို ပြည်ထောင်စုအဆင့်မှာ ထားရမလဲ၊ ပြည်နယ်အဆင့်မှာ ဘယ်လိုအာဏာတွေ ထားရမလဲ စသဖြင့်ပေါ့ ကျွန်တော်တို့ အာဏာခွဲဝေမှု တွေ ရှိရမယ်။ ကျွန်တော်တို့တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ ဘာတွေရှိဦးမလဲ ဆိုတော့ တန်တူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ အပြည့်အဝရှိရမယ်၊ လူ့အခွင့်အရေးနှင့် ဒီမို ကရေစီ အခွင့်အရေးတွေရှိရမယ်၊ လူမျိုး၊ ဘာသာ မတူကွဲပြားပေမယ့် အပြန်အလှန် လေးစားမှု တော့ရှိရမယ်။ လူနည်းစုအခွင့်အရေးနဲ့ အင်အားနည်းတဲ့အဖွဲ့အစည်းတွေကိုလည်း လေစားရမှာ ဖြစ်သလို ကျားမ မခွဲခြားပဲ တန်းတူဖြစ်ရမယ်၊ မသန်စွမ်းသူတွေကိုလည်း မခွဲခြားရဘူး။ နောက် စုပေါင်းခေါင်းဆောင်မှုတွေနဲ့ ဆောင်ရွက်သွားပါ့မယ်။
IMNA – ဒီတော်လှန်ရေး ဘယ်တော့ပြီးဆုံးနိုင်မလဲဆိုတဲ့မေးခွန်းအပေါ် ဘယ်လိုအဖြေမျိုး ပေးချင် တာရှိပါသလဲ။
နိုင်ဗညားလယ် – ကျွန်တော်တို့မြင်တာက ဒီတော်လှန်ရေးကို အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ တစ်ပိုင်းရှိမယ်၊ နောက်ပြီးတော့ တော်လှန်ရေးကို ပြီးမြောက်အောင် ဘယ်လိုလုပ်ရမလဲ နှစ်ပိုင်း တော့ ရှိတာပေါ့လေ။ ဆိုတော့ ကျွန်တော်တို့လက်ရှိနိုင်ငံအခြေအနေကို ပြည်ကြည့်ရင် တော် လှန်ရေး အောင်မြင်ဖို့အတွက်ဆို တစ်အချက် ခိုင်ခန့်ပြီး ဦးဆောင်မှုပေးနိုင်တဲ့ နိုင်ငံရေးပါတီ ရှိရမယ်၊ နှစ်အချက် ပါတီကနေ ချမှတ်ထားတဲ့လုပ်ငန်းစဥ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လူမျိုးကို ကိုယ်စားပြုတဲ့ စစ်တပ်ရှိရမယ်၊ သုံးအချက်က လူထုထောက်ခံမှုရှိတဲ့ အခြေခံပထဝီ နယ်မြေအနေအထားရှိရမယ်၊ နောက်ဆုံး လေးအချက်ကတော့ တစ်နိုင်ငံလုံးအတိုင်း အတာကို ကိုယ်စားပြုနိုင်တဲ့ တပ်ပေါင်းစုတစ်ခု လိုတယ်ပေါ့။ ဒီ ၄ ချက်နဲ့ ပြည့်စုံပြီးဆိုရင် တော် လှန်ရေး အောင်မြင်ဖို့ က လွယ်လွယ်ပဲ။ အခု ကျွန်တော်တို့နိုင်ငံကို ပြန်သုံးသပ်မယ်ဆိုရင် လူမျိုးကို ကိုယ်စားပြုတဲ့ ပါတီ၊ လူမျိုးကို ကိုယ်စားပြုတဲ့ စစ်တပ်နဲ့ လူမျိုးကိုအခြေခံတဲ့ ပထဝီဒေသ ဒီသုံးချက်လုံးက ပြည့်စုံနေပြီဖြစ်တယ်။ (တော်လှန်ရေး) ဘာလို့မအောင်မြင်သေး တာလဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားပြုတဲ့ တပ်ပေါင်းစုအင်အား မပေါ်ပေါက်သေးလို့ ဖြစ် တယ်။
လက်ရှိအခြေအနေကို ပြန်ကြည့်လိုက်ပေါ့။ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အချို့ရှိမယ်၊ တချို့အဖွဲ့ကတော့ တိုက်ခိုက်နေကြတယ်၊ နောက် ကြားနေအဖွဲ့အစည်းတွေလည်း ရှိနေတာကို တွေ့ရမယ်။ ကိုယ့်လူမျိုးရဲ့ အကျိုး၊ ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးတွေအပေါ်မှာပဲ ရပ်ခံနေကြတော့ တစ်စုတစ်စည်းတည်းနဲ့ အတူတူတိုက်ပွဲဝင်ဖို့က ဖြစ်မလာနိုင်သေးဘူး။ ဒါကြောင့် တော်လှန် ရေး မအောင်မြင်တာလို့ ကျွန်တော်တို့ မြင်တယ်။
နောက်ပြီးတော့ တော်လှန်ရေး ပြီးမြောက်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြန်သုံး သပ်မယ်ဆိုရင် ဒီကနေ့ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ သွေးထွက်သံယိုမှုတွေဟာ အဓိက ပြဿနာက စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို မထူထောင်နိုင်လို့ပဲ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံကို လူမျိုးစုတစ်ခုတည်းနဲ့ ရှိနေတာမဟုတ်ဘူး။ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်ကြတာဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မှရမှာပါ။ ပြည်တွင်းစစ် ဘယ် လိုစခဲ့သလဲ သမိုင်းကို ပြန်ကြည့်ပါ၊ ပါလီမန် ဒီမိုကရေစီခေတ်ကပဲ ဒီတော်လှန်ရေး ပေါ်ပေါက် လာတာဖြစ်တယ်။ ပြောချင်တာက ဒီနိုင်ငံရဲ့ပြဿနာဟာ ဒီမိုကရေစီ ပြဿနာမဟုတ်ဘူး။ တိုင်း ရင်းသားပြဿနာ၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု မထူထောင်နိုင်တဲ့အတွက်ကြောင့် ပေါ် ပေါက်လာတဲ့ပြဿာနာတွေပဲ ဖြစ်တယ်။
ဒီနေ့ဖြစ်နေတဲ့ပြဿနာကို ပြေလည်နိုင်ဖို့ဆို တစ်အချက် ဖက်ဒရယ်ထူထောင်ရေးနဲ့ ဆိုင်တဲ့ တိုင်းရင်းသား အခွင့်အရေးတွေ အပြည့်အဝရှိရမယ်၊ နောက်တစ်ခုက စစ်အာဏာသိမ်းမှုကြောင့် ဆိတ်သုဥ်းသွားခဲ့တဲ့ ပြည်သူလူထုတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ပြန်လည် ဖော်ထုတ်ပေး ရမယ်။ အဓိက,ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ပြီဆိုရင် ဒီနိုင်ငံဟာ ငြိမ်းချမ်းသွားမယ်။ တော်လှန်ရေးလည်း ပြီးဆုံးသွားမယ်ပေါ့။ ဒါပေမယ့် လူမျိုးတစ် မျိုးချင်းစီတို့ရဲ့ စစ်တပ်ကတော့ ဆက်ရှိနေမယ်။ ဒီစစ်တပ်တွေကပဲ ဖက်ဒရယ်ဒီမို ကရေစီပြည် ထောင်စုနိုင်ငံတော်ကို ဆက်လက်ကာကွယ်ပေးဖို့ တာဝန်ယူရမယ်။
IMNA – နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားချက်များရှိရင် ပြောပေးပါ။
နိုင်ဗညားလယ် – အခု ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အနေနဲ့က သက်တမ်း ၅ လတော့ ကျော်သွားပြီးပေါ့။ ဒီကာလတွေအတွင်းမှာ ပြည်တွင်း၊ ပြည်ပက မွန်လူထုတွေ ပူးပေါင်းထောက်ခံလို့ပဲ ဒီလိုမျိုး ရပ်တည်လှုပ်ရှားနိုင်တာပါ။ ကျွန်တော်တို့အနေနဲ့လည်း တတ် စွမ်းသလောက်တော့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီကြားထဲမှာ အခက်အခဲတွေ အများကြီးနဲ့ ကိုယ်မှန်းထားသလို ဖြစ်ချင်မှ ဖြစ်မယ်။ အမှားအယွင်းတွေ ရှိခဲ့ရလည်း ထောက်ပြကြပါလို့ မွန်လူထုတွေကို ပြောချင်တယ်။ နောက်တစ်ခု ကျွန်တော်တို့လိုအပ်နေတာက ခြေထောက်နဲ့ မဲထည့်ပေးကြဖို့ပါ။ ပြောချင်တာက ကျွန်တော်တို့ မဲထည့်တဲ့အခါမှာ လက်နဲ့ အသုံးပြုတာရှိမယ်၊ ခြေထောက်နဲ့ အသုံးပြုရတာရှိမယ်။ လက်နဲ့ မဲထည့်တာက ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံ တွေမှာ ၄ နှစ်တစ်ခါ၊ မဟုတ်ရင် ၅ နှစ်တစ်ခါပေါ့၊ လက်နဲ့မဲထည့်ရမယ့် လူထုတွေအနေနဲ့က တစ်ရက်မှာ တစ်ခါပဲ သွားထည့်လိုက်ရင် အဆင်ပြေပြီး၊ ဘယ်ပါတီကို နိုင်စေချင်တာလဲ၊ ဘယ် ပေါ်လစီကို အကောင်အထည်ဖော်စေချင်လဲ တစ်ရက်တည်းနဲ့ ပြီးမြောက်စေတယ်။ ဒါပေမယ့် ကျွန်တော်တို့ စစ်အာဏာရှင်တိုက်ဖျက်ရေးခရီး ချီတက်နေတဲ့ ဒီလိုကာလမှာတော့ လူအင် အားနဲ့ တိုက်မှရမယ်။ လက်နက်အင်အားနဲ့ တိုက်ပွဲဝင်မှရမယ်။ ဒီခရီးမှာ ၄ နှစ်၊ ၅ နှစ်တစ်ခါ လက်နဲ့ မဲထည့်လို့တော့ မရဘူး။ လက်နက်ကိုင်တော်လှန်ရေးခရီးနောက်ကို လျှောက်လှမ်းနိုင်ရမယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ခြေထောက်နဲ့ မဲလာထည့်မယ့်သူတွေကို အများကြီးလိုအပ်နေတယ် လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
IMNA – ဟုတ်ကဲ့၊ အခုလို အချိန်ပေးပြီး လက်ခံဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။