spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ်ထဲကို စစ်မှုထမ်းတပ်သားသစ်များဖြင့် စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်နေ

    ရေးမြို့နယ်ထဲကို စစ်မှုထမ်းတပ်သားသစ်များဖြင့် စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပိုင်းတလျှောက် ပြန်လည်ထိန်ချုပ်နိုင်ရေးကို စစ်ကောင်စီက စစ်မှုထမ်းတပ်သားများဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု တော်လှန်ရေးအင်အားစုနှင့် ဒေသခံတို့ထံမှ သိရသည်။

    ဇူလိုင်လဆန်းပိုင်းက စစ်မှုထမ်းတပ်သားများပါဝင်သည့် စစ်ကောင်စီတပ်အင်အား ၄၀၀ ခန့်က ရေလမ်းကြောင်းမှ ဝင်ရောက်လာသည့် ရေးတောင်ပိုင်းဒေသထဲကို စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့က ပြောသည်။

    ရေးမြောက်ပိုင်းဒေသထဲ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းများသည် စကခ ၁၉ အပါအဝင် အမြှောက်တပ် ၃၁၇၊ ခလရ ၁၀၆၊ ခမရ ၅၈၈ အစရှိသည့် တပ်ရင်းတို့နှင့် ပူးပေါင်းပြီး စစ်အင်အား ၆၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေသည်ဟုလည်း ဆိုသည်။

    အလားတူ ရေးမြောက်ပိုင်းဒေသကိုလည်း စစ်ကောင်စီတပ်အင်အား ၂၀၀ ခန့်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်ဝင်ရောက်လာနေသည်။

    “ရေး-ထားဝယ်လမ်းမ အထူးသဖြင့် သံဖြူဇရပ်ကနေရေဖြူအထိပေါ့။ ရေးတောင်ပိုင်းမှာ စခဲ့တဲ့တိုက်ပွဲကနေ ဒီနေ့အထိပေါ့ သူတို့ရဲ့ရှိပြီးသားအင်အားနဲ့ စစ်မှုထမ်းသင်တန်းကနေဆင်းလာတဲ့ တပ်သားသစ်တွေပါ ပေါင်းပြီး၊ စစ်ကြောင်း တစ်ကြောင်းကို အင်အား ၇၀/၈၀ လောက်နဲ့ လှုပ်ရှားနေတာ အခုလောလောဆယ်က မွန်၊ ကရင်၊ တနင်္သာရီဘက်မှာ အင်အားတိုးချဲ့လာနေတယ်။ ဒါပေမယ့် မြောက်ပိုင်းဘက် တိုက်ပွဲပြင်းထန်လာနေတော့ သူတို့တပ် ပြန်ရုတ်နိုင်တဲ့အနေအထားရှိနိုင်တယ်” မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြီးခဲ့သည့် မတ်လကတည်းက စိုးမိုးထိန်းချုပ်ထားခဲ့သည်။

    လက်ရှိတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားနေပြီး ဇူလိုင်လကုန်ပိုင်းအတွင်းမှာပင် တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

    “အခု လမ်းပိုင်းမှာကစစ်သားတွေပဲ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတာသိပ်မတွေ့ရဘူး။ မော့ကနင်းလမ်းပိုင်း က သူတို့တပ်နဲ့နီးတော့ စစ်ဆေးတာတွေလုပ်ဆောင်တယ်။ PDF ဘက်ကလည်း တောင့်ခံထားတယ်။ အဲလမ်းပိုင်းကို လက်မလွှတ်ရရေးအတွက် အဲလိုကနေတိုက်ပွဲပြင်းထန်လာနိုင်တယ်။ မော့ကနင်နဲ့ သံဖြူဇရပ် အစပ် နှစ်ကရင်မှာ နေ့တိုင်းလိုလိုတိုက်ပွဲဖြစ်တယ်။ အဲ့လမ်းတလျှောက်က PDF တွေ ထိန်းချုပ်ထားတော့ သူတို့ ရိက္ခာပို့ရင် ရေးလမ်းကိုသုံးနေရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    အာယုတောင်ဌာနေပြည်သူ့စစ်များကိုလည်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွင် ပါဝင်လာစေခဲ့သည်လည်း ရှိသည်။

    စစ်ကောင်စီက သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို အပြင်းအထန်ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့တို့၏ ပြောက်ကျားစစ်ကို ချေမှုန်းရန် ဗျုဟာပြောင်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်လာသည်ဟု စစ်ရေးသတင်းအရင်းအမြစ်တို့က ပြောသည်။

    “သူတို့(စစ်ကောင်စီ) ရဲ့ စစ်ရေးလှုပ်ရှားမှု ဗျုဟာတွေက ပြောင်းလဲလာတယ်။ ဟိုတုန်းက သူတို့တပ်အင်အားနည်းနေတဲ့အတွက် သက်ဆိုင်ရာစခန်းတွေမှာပဲ လုံခြုံရေးတင်းကြပ်ထားတယ်။ အခုက သူတို့အင်အားနည်းနည်းကြီးလာတယ်။ စစ်အင်အားလည်း များလာတဲ့အတွက် ထားဝယ်ကနေ ရေးအထိ ကုန်းမြင့်တစ်လျှောက်နေရာတွေမှာ လုံခြုံရေးအပြည့်ချထားတယ်။ စခန်းတစ်ခုခုကို သိမ်းချင်ရင် အဲကုန်းမြင့်တွေမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေကို အရင်ရှင်းရမယ့်ဗျုဟာမျိုးပေါ့။ မြောက်ပိုင်းလို ဗျုဟာမျိုးကို ဒီဘက်ကိုလည်း လုပ်လာတယ်။ အခုက ကုန်းမြင့်နေရာတွေအကုန်လုံးက သူတို့အကုန်နေရာယူထားပြီး လုံခြုံရေးအပြည့်ချထားတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    တဘက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းကို လက်မလွှတ်ရရေးအတွက် ခုခံလျှက်ရှိပြီး ဒေသတွင်း တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

    ရေးမြို့နယ်အတွင်း တိုက်ပွဲအချိန်မရွေး၊ နေရာမရွေး ဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အထူးသတိထားသွားလာကြရန် တော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန် သတိပေးထားသည်လည်း ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts