Homeသတင်းတနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်အပြင် ရေဘေးသင့်သူတို့ပါအရေးပေါ် အကူအညီလိုအပ်နေ

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်အပြင် ရေဘေးသင့်သူတို့ပါအရေးပေါ် အကူအညီလိုအပ်နေ

-

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ဒေသခံများအပြင် ရေဘေးသင့်ဒေသခံတို့လည်း တိုးလာခြင်းကြောင့် ကူညီဆောင်ရွက်ရမှုများလာပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာတို့ အရေးပေါ်လိုအပ်နေသည်ဟု ကူညီကယ်ဆယ်သူတို့မှ သိရသည်။

ဇူလိုင်လနောက်ဆုံးအပတ်မှစ၍ တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်သူတို့အပြင် အခြားရပ်ကွက် ကျေးရွာမှဒေသခံတို့ကိုလည်း ကုန်းပိုင်းမြင့်ပိုင်းနေရာတွင် ကူညီပြောင်းရွှေ့ပေးထားပြီး အဆောက်အအုံနှင့်အမိုးအကာ မလုံလောက်နေကြောင်းတွဲလက်ညီညီ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။

“စစ်ရှောင်ကူညီတဲ့ဘက်ကို ရေဘေးရှောင်ပါတိုးလာနေတယ်။ စစ်ရှောင်နေထိုင်ရာဘက်ကရေနစ်မြုပ်တော့ ကုန်းမြင့်ဘက်ပြောင်းထားတယ်၊အမိုးအကာတွေ အရေးပေါ်ထားထားတဲ့ဟာနဲ့ပဲ အဆင်ပြေအောင်လုပ်ထားတယ်၊ထပ်တိုးဖို့ကရှိတယ်ဆိုတော့၊ အရံရိက္ခာနည်းနည်းနဲ့ ရှာကြံပြီးလုပ်ဆောင်ရတယ်။ အဓိကကအဆောက်အဦး မလုံလောက်တာနဲ့ စားနပ်ရိက္ခာက မြိတ်လမ်းကြောင်းကနေ သယ်နေရလို့ ကားလမ်းကနေသွားလို့မရဘူး ” ဟု ၎င်းကပြောသည်။

တနင်္သာရီမြို့နယ်မှ ကျေးရွာ ၁၄ ရွာထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး၊ အဆိုပါ ရေဘေးသင့်ဒေသခံတို့ အူယောင်ငန်းဖျားအပြင် ဝမ်းပျက်ဝမ်းလျှောနှင့် ငှက်ဖျားဖြစ်ပွားမှု များနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့မှ သိရသည်။

ရေဘေးဒဏ်အဓိကကြုံတွေ့နေရသည့်တနင်္သာရီမြို့နယ်သည် စစ်ကောင်စီမှ စားနပ်ရိက္ခာနှင့် အသုံးဆောင်ပစ္စည်း တင်သွင်းကန့်ထားခြင်း၊ ပိတ်ဆို့ခံထားရသည့်ဒေသဖြစ်သောကြောင့်အကူညီကယ်ဆယ်ရေးအဖွဲ့များ အလွယ်တကူမရောက်ရှိနိုင်ကြောင်း Fe 5 အယ်ဒီတာမှ လွတ်လပ်သော မွန်သတင်းအေဂျင်စီကိုပြောသည်။

“တနင်္သာမြို့နယ်က အဓိကရေဘေးကြုံနေရတဲ့ဒေသ စစ်ဘေးရှောင်လဲအများကြီးရှိတော့ ပိတ်ဆို့ခံထားရတဲ့ ဒေသဖြစ်တဲ့အတွက် အကူညီပေးတဲ့သူတွေလည်း သွားဖို့မလွယ်ဘူး။ အကူညီ အများကြီး လိုအပ်နေတာတွေ့ ရတယ်”ဟု၎င်းကပြောသည်။

နေရာထိုင်ခင်းအခက်ခဲကြောင့် စစ်ရှောင်တို့က ရာသီဥတုဒဏ်ခံနေရသည့်အပြင် စစ်ဘေးရှောင်အမျိုးသမီးတို့ အတွက် လစဉ်သုံးပစ္စည်းပြတ်လတ်လျှက်ရှိသည်ဟုဒေသတွင်းစစ်ဘေးရှောင် ကူညီနေသူတစ်ဦးကပြောသည်။

လက်ရှိ တနင်္သာရီ ရေကြီးမှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts