လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ၁၆ ဇူလိုင် ၂၀၂၄။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်ရေးပဋိပက္ခဖြစ်ပွားသည့်နေရာတွင် စစ်ဘေးရှောင်သူတို့ ဇူလိုင်လဆန်းပိုင်းမှစပြီး ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါအဖြစ်များနေသည်ဟု စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတို့မှ သိရသည်။
စစ်ဘေးရှောင်မိသားစုတစ်စုလျှင် လူ ၅ ဦးအထိ ဝမ်းပျက်၊ဝမ်းလျှောဖြစ်နေပြီး နေရာထိုင်ခင်းနှင့် အစားအသောက်လိုအပ်ချက်တို့ကြောင့် ယမန်နှစ်တို့ထက် ရောဂါဖြစ်ပွားသူ များနေသည်ဟု သိရသည်။
“အဓိကကတော့ မိုးတွင်းဖြစ်တဲ့အတွက်ကြောင့် စစ်ရှောင်နေရတဲ့အခြေအနေပေါ့နော်။ ဒီမိုးတွင်းကာလမှာ သူတို့အနေနဲ့ စစ်ရှောင်ရတဲ့အခါမှာ နေရာတွေက အဆင်ပြေသလိုနေထိုင်ရတယ်။ အစားအသောက်ကလည်း အဆင်ပြေသလိုစားသောက်ရတဲ့အတွက်ကြောင့် မသန့်ရှင်းတဲ့အစားအစာတွေစားမိတာမျိုး ရေဆိုလည်း ကျိုချက်မသောက်တဲ့အခါကြတော့ တွေ့ကရာချောင်းရေကို သောက်လိုက်မိတာမျိုးတို့ဆို ဖြစ်တတ်ပါတယ်။ အဲ့ဒါတွေကြောင့် ဝမ်းပျက်ဝမ်းလျှော့ရောဂါ ပိုဖြစ်တာပေါ့” ဟု သူက ဆိုသည်။
စစ်ဘေးရှောင်သူတို့မှ လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောသည် ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် ကာလဝမ်းရောဂါပုံစံမဟုတ်ဘဲ ရိုးရိုးဝမ်းပျက်ဝမ်းလျှောသာဖြစ်ခြင်းကြောင့် စိတ်ပူရန်မလိုအပ်ကြောင်းလည်း ဆက်ပြောသည်။
သို့သော် သက်ကြီးရွယ်အို၊ ရောဂါအခံရှိသူနှင့် ကလေးငယ်တို့ ဂရုစိုက်ရန်လိုအပ်ကြောင်းလည်းဆက်ပြောသည်။
“အဓိက ကျွန်တော်တို့စိတ်ပူတာက ကလေးငယ်တွေ ဒါမမဟုတ် အသက်အရမ်းကြီးတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေ ပြင်းပြင်းထန်ထန်ဖြစ်ရင်တော့ စိုးရိမ်ရတဲ့ အခြေအနေတွေရှိတယ်။ ပိုပြီးဂရုစိုက်ဖို့လိုမယ်။ ရန်ကုန်မှာ ဖြစ်သလို အလားတူး case များတွေ့မလားဆိုပြီး လိုက်ရှာကြတော့ ဒီ cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါနဲ့တူတဲ့ case မျိုးတော့ လက်ရှိ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နယ်မြေအတွင်းမှာတော့ မရှိသေးဘူး” ဟု အထက်ပါဆရာဝန်က ဆိုသည်။
လက်ရှိအချိန်အထိ ဆေးဝါးအခက်အခဲ မလိုအပ်နေသေးသော်လည်း ရောဂါဖြစ်ပွားမှုပိုများလာပါက ဆေးဝါးအခက်အခဲ ပိုဖြစ်လာနိုင်သည်ဟု ဆက်ပြောသည်။
ကျိုက်ထိုမြို့နယ်အပြင် ထားဝယ်မြို့နယ်ဘက်မှ စစ်ဘေးရှောင်နေရသည့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း အသက်သေဆုံးသူမရှိသေးကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေသည်ဟု KNU မှ ထုတ်ပြန်ထားပြီး စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှု နေစဉ် လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။