Homeသတင်းဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ၁၉၀၀ နီးပါးရှိဟု AAPP ထုတ်ပြန်

ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ၁၉၀၀ နီးပါးရှိဟု AAPP ထုတ်ပြန်

-

စစ်တပ်အာဏာသိမ်းခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း နေရာဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် သတ်ဖြတ်ခံရသူ ၁၈၅၃ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်သည်။

“တံတိုင်နောက်မှ ပြန်လမ်းမဲ့သူများ” ခေါင်းစဉ်ဖြင့် AAPP က ဇွန်လ ၁ ရက်နေ့က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ယခုလိုရေးသားဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ သတ်ဖြတ်ခံရသူ ၁၈၅၃ ဦးရှိရာ ရဲစခန်းတွင် ၃၀ ဦး၊ စစ်ကြောရေးစခန်းများတွင် ၁၃၁ ဦး၊ အကျဉ်းထောင်များတွင် ၉၇ ဦး သေဆုံးခဲ့သည်ဟု ဆိုထားသည်။

၎င်းပြင် သတ်ဖြတ်ခံရသည့် အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၂၄၄ ဦးတွင် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ၆ ဦးလည်း ပါဝင်သည်။

ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ သေဒဏ်ကွပ်မျက်ခံခဲ့ရပြီး ထိန်းသိမ်းထားစဉ် နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးခဲ့ရသူ ၈၇ ဦး၊ ထိန်းသိမ်းထားစဉ် လုံလောက်သော ဆေးကုသမှု မရရှိသဖြင့် ၆၃ ဦး သေဆုံးသွားခဲ့သည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်သည့် တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားပြည်သူများစွာကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးပြီး ၎င်းတို့၏လက်အောက်ခံ ရဲစခန်းများ၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင် ချုပ်နှောင်ကာ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ နည်းမျိုးစုံဖြင့် ညှဉ်းပမ်းနှိပ်စက်လျက်ရှိသည်ဟု AAPP ဆိုသည်။

လူ့ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများဖြင့် စစ်ဆေးမေးမြန်းမှုများ၏ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများကို စစ်အုပ်စုက တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့စွာ ကျုးလွန်နေဆဲလို့လည်း AAPP က ထုတ်ပြန်ပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts