Homeသတင်းPDF အဖွဲ့တို့ကိုထောက်ပံ့နေသည်ဟုဆိုကာ ပေါင်ဒေသခံ သားအဖနှစ်ဦးကို ၁၂ ရက်ကြာသည်အထိ ဖမ်းဆီးထား

PDF အဖွဲ့တို့ကိုထောက်ပံ့နေသည်ဟုဆိုကာ ပေါင်ဒေသခံ သားအဖနှစ်ဦးကို ၁၂ ရက်ကြာသည်အထိ ဖမ်းဆီးထား

-

မွန်ပြည်နယ် ၊ပေါင်မြို့နယ်၊အင်းပြောင်ကျေးရွာအုပ်စု ၊တံခွန်တိုင်ကျေးရွာမှ သားအဖနှစ်ဦးကို PDF တို့ထံ ထောက်ပံ့နေသည်ဟုဆိုကာ ၁၂ ရက်ကြာသည်အထိ ဖမ်းဆီးထားသည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သည့် အသက် ၆၀ အရွယ်ဦးကြာညိုကို ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့က ပေါင်မြို့မရဲစခန်းမှ ဆင့်ခေါ်ခြင်းကြောင့် သားဖြစ်သူနှင့်သွားရောက်စဉ် နှစ်ဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အထိ ပြန်လည်မလွှတ်သေးကြောင်း သိရသည်။

“အခုလောလောဆယ်က တရားမစွဲသေးရသေးဘူး စစ်ဆေးနေတုန်းပဲ ဖမ်းသွားတာ တစ်ပတ်ကျော်လောက်ရှိပြီး၊ PDF ငွေကြေးထောက်ပံ့နေတယ်လို့သတင်းရတယ်ပေါ့ သူကိုစစ်တပ်က ဖုန်းခေါ်လို့ သူကလာပြီး တစ်ခါတည်းဖမ်းသွားတယ် ပြန်မလွတ်သေးဘူး” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ယခင်က ပေါင်မြို့နယ်စစ်ကြောရေးမှ ဖမ်းဆီးထားသည့် ဒေသခံတို့ထံ သတင်းအချက်အလက်ရယူပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ PDF နှင့် ပတ်သတ်ဆက်နွယ်သူတို့ကို ဆက်တိုက် ဖမ်းဆီးမှု ပြုလုပ်လျှက်ရှိသည်။

“စစ်တပ်က အရင်ကမိထားတဲ့လူတွေဆီကနေ သတင်းရထားပြီးသား PDFနဲ့အဆက်သွယ်ရှိပြီး ထောက်ပံ့ပေးနေတဲ့လူတွေကို သတင်းက အရင်သူတို့ဖမ်းမိတဲ့ လူတွေဆီကပဲရတယ် သူတို့မှာ စာရင်းရှိနေတဲ့ပုံစံပေါ့" ဟု စစ်ကောင်စီနှင့် နီးစပ်သူတို့က ဆိုသည်။

အဆိုပါသားအဖနှစ်ဦးကို ပေါင်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟုလည်း ရဲစခန်းနှင့် နီးစပ်သူတို့ ပြောကြားချက်အရ သိရသည်။

၎င်းအပြင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ကို နောက်ကွယ်တွင် ငွေကြေးထောက်ပံ့နေသည့် စွပ်စွဲချက်ဖြင့် ဦးကြာညိုနှင့် သားဖြစ်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၀ (ည)နှင့် ၅၂ (က)တို့ဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူကဆိုသည်။

အဆိုပါဖမ်းဆီးခံထားရသည့် ပေါင်မြို့နယ် ၊တံခွန်တိုင်အုပ်ချုပ်ရေးမှူးဟောင်း ဦးကြာညိုသည် ယခင်အရပ်သားအစိုးရ လက်ထပ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ရာထူးမှရပ်နားကာ တောင်ယာလုပ်ငန်း လုပ်ကိုင်နေသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်း ၃နှစ်ခွဲကာလတွင် စစ်ကောင်စီမှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ထောက်ပံ့သည်ဟုဆိုကာ ပေါင်ဒေသခံတို့ ရာကျော်အထိ ဖမ်းဆီးခံထားရပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့်အပြင် နေအိမ်ချိတ်ပိတ်ခြင်းတို့ကိုလည်း လုပ်ဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts