Homeသတင်းကျောက်လုံးကြီးစခန်းကို စစ်ကောင်စီ စစ်ကြောင်းထိုး

ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီ စစ်ကြောင်းထိုး

-

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကျောက်လုံးကြီးစခန်းကို ပြန်လည်ရရှိရေး စစ်ကောင်စီမှ စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

တနင်္သာရီမြို့နယ်ရှိ အောင်သာဝရစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့မှ ဇွန်လ ၁၄ ရက်နေ့က သိမ်းပိုက်လိုက်ပြီးနောက် ကျောက်လုံးကြီးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့သည်။

ထို့နောက် ဇွန်လ ၁၉ ရက်နေ့တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) မှ အင်အား ၂၀၀ ခန့်ဖြင့် ကျောက်လုံးကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ အလယ်ချောင်းရွာအခြေစိုက် အမြောက်တပ် အမတ ၄၀၁ သို့ ဝင်သွားကြောင်း သိရသည်။

“ကျောက်လုံးကြီးနဲ့ ခလရ ၁၇ က မြေပုံကကြည့်ရင် တည့်တည့်ပဲလို့ပြောလို့ရတယ်။ ကြားထဲမှာ ရွာတွေတော့မရှိဘူး။ အဲဒီကို စစ်ကြောင်းထိုးလာတာ စစ်ကားတွေနဲ့ပေါ့။ ကြားမှာ ကျွန်တော်တို့က ဖြတ်တိုက်တော့ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ သူတို့က ဇွန် ၂၂ မှာ အမတ ၁၀၄ အမြောက်တပ်ထဲကိုဝင်သွားတယ်။ အခုအဲဒီမှာပဲပေါ့။ စစ်ကြောင်းထဲမှာတော့ ခလရ ၁၇ ရော တခြားတပ်တွေရော ပါတယ်” ဟု မြိတ်ခရိုင် တပ်ရင်း ၁ မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကျောက်လုံးကြီးစခန်းတွင် ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ အင်အား ၅၀ ခန့်ဖြင့် အထိုင်ချခဲ့သည့် တပ်စခန်း ဖြစ်ကြောင်း သိရသည်။

မြစ်ဘေးရှိ အထိုင်ချစခန်းဖြစ်သော်လည်း မြစ်ရေတိမ်မှုကြောင့် စစ်ကောင်စီမှ ရေကြောင်းအသုံးပြုကာ စစ်ကြောင်းထိုးလေ့မရှိဟု ဆိုသည်။

အဆိုပါ စခန်းမှ စစ်ကောင်စီတပ်များ ထွက်ပြေးသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ နယ်မြေရှင်းလင်းရေးသွားရောက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ ကျောက်လုံးကြီးကျေးရွာဘက်တွင် စစ်ကြောင်းထိုးနေသလို ပုလောမြို့ကိုလည်း အင်အား ၁၈၀ ကျော်ဖြင့် အင်အားဖြည့်တင်းထားကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်များရှိ ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts