Homeသတင်းဘုရားသုံးဆူ - မုဒုံလမ်းပိုင်းတစ်လျှောက် စစ်ဆေးရေးဂိတ် ပိုများလာဟု ဆို

ဘုရားသုံးဆူ – မုဒုံလမ်းပိုင်းတစ်လျှောက် စစ်ဆေးရေးဂိတ် ပိုများလာဟု ဆို

-

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှ အဘစ်၊ မုဒုံသို့ တောလမ်းဖြစ်သည့် ဓနုံးလမ်းပိုင်း တစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အစည်းတို့၏ စစ်ဆေးရေးဂိတ်များ ယခင်ကထက် ပိုမိုများပြားလာသည်ဟု ယာဥ်မောင်းများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံတပ်များ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဂိတ်များ အပါအဝင် စုစုပေါင်း ၁၅ ဂိတ်ရှိပြီး ယခင်နှစ်ကထက် စစ်ဆေးရေးဂိတ် သုံးဂိတ်အထိ ပိုများလာသည်ဟု ဘုရားသုံးဆူ – မုဒုံလမ်းကြောင်း ပြေးဆွဲနေသည့် ယာဥ်မောင်းတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီလမ်းဘက်မှာက စုစုပေါင်း ၁၅ ဂိတ်ရှိတယ်။ ၃ ဂိတ် များလာတယ်။ ပိုလာတဲ့ ဂိတ်တွေက ကရင်တပ်ပေါင်းစုဂိတ်တွေပါ။ သံဖြူဇရပ်လမ်းပိုင်းက လောလောဆယ် သွားလို့ မရသေးဘူး။ တိုက်ပွဲအခြေအနေကြောင့် ပိတ်ထားတယ်” ဟု ပြောသည်။

ဘုရားသုံးဆူ-မုဒုံလမ်းပိုင်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ပိုမိုများပြားလာသည့်အပြင် ဂိတ်ကြေးကိုလည်း လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေအပေါ် မူတည်ပြီး ၎င်းတို့စိတ်ကြိုက် သတ်မှတ် ကောက်ခံနေကြသည်ဟု အခြားယာဥ်မောင်းတစ်ဦးက ဆိုသည်။

“ဂိတ်တွေက တအားများလာတယ်။ တစ်လမ်းလုံးက ဂိတ်တွေကြီးပဲ။ ကားသမားတွေကလည်း အကုန်လုံး ညည်းညူကုန်ပြီ၊ တစ်လမ်းလုံး ပေးရ ကမ်းရတာနဲ့။ ဂိတ်ကြေးတွေကတော့ ခရီး သည် ပါသွားတဲ့အပေါ် မူတည်ပြီးတော့ ပေးရတာပေါ့၊ တခါတလေ ငါးသောင်းလောက် ယူချင် ယူတယ်၊ တစ်သောင်းလောက် ယူချင် ယူတယ်။ အဆင်းကနေ အတက်ကလည်း ကွာသေး တယ်၊ အဆင်းကျ ဂိတ်ကြေးနည်းပြီးတော့ အတက်ကျ ယူများတာပေါ့” ဟု ပြောသည်။

ဘုရားသုံးဆူ-သံဖြူဇရပ်နှင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းကြောင်းကို မလုံခြုံမှုနှင့် စစ်ဆေးမှုများခြင်းကြောင့် ကားသမားတို့က ခရီးသွားလာခြင်း နည်းပါးလာပြီး ဘုရားသုံးဆူ-မုဒုံသို့ တောလမ်းဖြစ်သည့် ဓနုံးလမ်းပိုင်းကိုသာ အဓိကထားအသုံးပြုသွားလာနေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts