Homeသတင်းလုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်း နေရာအကန့်အသတ်ဖြင့်သာဆောင်ရွက်နေ

လုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်း နေရာအကန့်အသတ်ဖြင့်သာဆောင်ရွက်နေ

-

စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုတို့ကြား ပဋိပက္ခဖြစ်ပွားမှု ပိုများသည့် ရေးမြို့နယ်နှင့်သထုံမြို့နယ်တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းကို နေရာအကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရသည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်တွင် စစ်ကောင်စီမှ နေ့ရောညပါ စစ်ဆေးမှုတင်းကြပ်ထားသည့်အပြင် လူနာပို့ဆောင်ရာတွင်လည်း ဆရာဝန်ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုနေခြင်းကြောင့် မြို့ပြနှင့်ဝေးသည့် နေရာတို့တွင် ကယ်ဆယ်ရေးလုပ်ငန်း မလုပ်ဆောင်နိုင်ကြောင်း လမိုင်းမြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ အသက်လုနေရတဲ့လူနာတွေတောင်မှ ဆရာဝန်ကိုယ်တိုင်ပါမှ ကျွန်တော်တို့သွားလို့ရတယ်၊ အဲတာတောင်မှ ရေးဆေးရုံကြီးလောက်ပဲသွားလို့ရတယ် မော်လမြိုင်အထိက ကျွန်တော်တို့မသွားတော့ဘူး၊ ဘာလို့ဆို စစ်ဆေးရေးဂိတ်တွေက အဆင့်ဆင့်ရှိနေတော့ သွားရတာအဆင်မပြေဘူး" ဟု ဆိုသည်။

ထို့အပြင် ရေးမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ကို စစ်ကောင်စီမှ မကြာခဏ ခေါ်ယူစစ်ဆေးနေခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းရပ်နားထားရသည့်အဖွဲ့တို့ ရှိနေသည်ဟုလည်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ထံ အဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်ရပြီး လူမှုကယ်ဆယ်ရေးယာဉ်တို့ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရခြင်းကြောင့် ကျေးလက်ဒေသတို့တွင် ကယ်ဆယ်ရေးအဖွဲ့တို့ မရောက်ရှိနိုင်ကြောင်း သထုံမြို့နယ်မှ လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“မြို့တွင်းပိုင်းကိုကျတော့ ပုံမှန်အတိုင်း ၂၄ နာရီလုံး ဆောင်ရွက်ပေးနေပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ လုံးဝသွားလို့မရတဲ့တောရွာတွေလည်းရှိတာပေါ့၊ ပိန္နဲတောတို့ အထဲမှာရှိတဲ့ ညာထားဝယ်ရွာတို့ဆို ကျွန်တော်တို့သွားလို့မရဘူး။ နေ့ဘက်တောင်မှ သိပ်ပြီးမအဆင်မပြေနေဘူး၊ တစ်ချို့ဆို ညအိပ်ညတာ ပစ်ခတ်တာတွေလည်းရှိနေတော့ လုံခြုံရေးအတွက်က လုံးဝကိုအဆင်မပြေနေပါဘူး"ဟု ဆိုသည်။

ရေးမြို့နယ်တွင် ပြီးခဲ့သည့် မေလ၂၉ ရက်နေ့က ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရှိခဲ့သည့် ခမရ(၅၈၈)မှ အရာရှိတစ်ဦးကို မော်လမြိုင်ဆေးရုံသို့ သွားရောက်ပို့ဆောင်စဉ် တော်လှန်တပ်ဖွဲ့တို့မှ ဒဏ်ရာရလူနာကို ပိတ်ဆို့ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်မှ လမိုင်းမြို့မှ ပရဟိတအဖွဲ့ဝင် ၅ ဦးကို ပြန်လည်ဖမ်းဆီးလိုက်ပြီး ပြီးခဲ့သည့်ဇွန်လ ၆ ရက်နေ့က ခံဝန်ကတိဖြင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းကာလအတွင်း မုဒုံနှင့် သံဖြူဇရပ်မြို့နယ်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီး ထောင်ချခဲ့ပြီး အခြားကယ်ဆယ်ရေးအဖွဲ့တို့လည်း မကြာခဏဖမ်းဆီးစစ်ဆေး ခံနေရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts