Homeသတင်းVPN ပြဿနာကြောင့် အွန်လိုင်းဈေးရောင်းသူတို့ ရောင်းအားကျဆင်း

VPN ပြဿနာကြောင့် အွန်လိုင်းဈေးရောင်းသူတို့ ရောင်းအားကျဆင်း

-

စစ်ကောင်စီမှ လူမှုကွန်ရက်အသုံးပြုရာတွင် တစ်ဆင့်ခံအသုံးပြုရသည့် Virtual Private Network ခေါ် VPN ကို ကန့်သတ်ထားသည့်အပြင် ဖုန်းလိုင်းပါ မကြာခဏဖြတ်တောက်နေခြင်းကြောင့် မွန်ပြည်နယ်မှ အွန်လိုင်းဈေးရောင်းသူတို့ ရောင်းအားကျဆင်းနေသည်ဟု ဆိုသည်။

လက်ရှိ အင်တာနက်အကန့်အသတ်ကြောင့် Live sale( အွန်လိုင်းတိုက်ရိုက် အရောင်းဝယ်) ပြုလုပ်ရန် အဆင်မပြေသည့်အပြင် ဝယ်သူမှ မှာယူအရေအတွက်တို့လည်း ကျဆင်းလျှက်ရှိသည်ဟု အွန်လိုင်းမှ အထည်ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

“အရင်တစ်လကို သုံးသိန်းရောင်းလို့ရနေတာ၊ အခုဆိုတစ်သိန်းခွဲပဲရောင်းလို့ရတယ်။ လိုင်းက နှေးတော့ Live sale တောင်မပြောနဲ့ 1 min video တင်ဖို့က အနည်းဆုံး သုံးနာရီလောက်ကြာတယ်။ တစ်ခုခုကိုကြည့်ဖို့က လွယ်လွယ်နဲ့မရနေဘူး။ ကိုယ်ရဲ့ customer တွေဆီကနေ ပို့လာတဲ့ပုံတွေ စာတွေကို order ကောက်ဖို့လည်းမလွယ်နေတော့ရောင်းအားက တစ်ဝက်လောက်ကျသွားတယ် ” ဟု ဆိုသည်။

၎င်းအပြင် မှာယူထားသည့်ပစ္စည်းအချို့ ဆက်သွယ်ရေးအခက်အခဲကြောင့် ဝယ်သူဘက်မှ ပြန်လည်ပယ်ဖျက်မှု များနေသည်ဟုလည်း ဆက်ပြောသည်။

ထို့ကြောင့် အွန်လိုင်း စီးပွားရေးလုပ်ငန်းရှင်အချို့ ပြည်ပမှ VPN ကို လစဉ်ကြေးစနစ်ဖြင့် ဝယ်ယူသုံးစွဲနေသော်လည်း ရေရှည်အတွက် အခက်အခဲဖြစ်နိုင်ကြောင်းလည်း အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အကယ်လို့VPN ဝယ်မယ်ဆိုရင် ရောင်းသူအတွက်က အဆင်ပြေပေမဲ့လည်း ဝယ်သူတွေကVPNမဝယ်တော့ ကိုယ်တင်လိုက်တဲ့ပုံကသူတို့မတွေ့နေဘူးလေ၊ အဲ့ကြောင့် ရောင်းဝယ်အပိုင်းမှာက အဆင်ပြေတာတွေမရှိပါဘူး ” ဟု ဆိုသည်။

လက်ရှိတွင် အွန်လိုင်းစီးပွားရေးလုပ်ငန်းတို့အပြင်၊ ဆက်သွယ်ရေးဆိုင်ရာနှင့် သတင်းအချက်အလက်စီးဆင်းမှုတို့ မကြာခဏ ပြတ်တောက်နေသည်ဟု သိရသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် မေလလယ်ပိုင်းမှစ၍ Facebook လူမှုကွန်ရက်အပါဝင် အခြားဝဘ်ဆိုဒ်နှင့် အင်တာနက်စာမျက်နှာတို့ကိုကြည့်ရှုနိုင်ရန် အသုံးပြုနေသည့် ကြားခံVPN အင်တာနက်ကွန်ရက်ကို ဖြတ်တောက်ထားသည်။

ကိုဗစ်ကာလ အသွားအလာကန့်သတ်ထားသည့်နောက်ပိုင်း စီးပွားရေး၊ ပညာရေးနှင့် လူထုအကျိုးပြုကိစ္စဆိုင်ရာတို့ကို အွန်လိုင်းစနစ်ဖြင့်သာ သွင်သွင်ကျယ်ကျယ်အသုံးလာပြီး လက်ရှိအင်တာနက် ပြဿနာကြောင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းတို့ အထိနာမည်ဟုလည်း လုပ်ငန်းရှင်တို့ သုံးသပ်လျှက်ရှိသည်။

ယခင် အသုံးပြုမှုများသည့် 1.1.1.1,Nord,Tunder, GreenNet စသည့်VPN တို့သည် လက်ရှိတွင် လုံးဝချိတ်ဆက်၍ မရနေခြင်းကြောင့် လစဉ်ပေး VPN တို့ကို ဝယ်ယူသူ ပိုများနေသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts