spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းလွိုင်ကော်ကို စစ်ကောင်စီ စစ်ကြောင်း ပြန်ထိုးလာ

    လွိုင်ကော်ကို စစ်ကောင်စီ စစ်ကြောင်း ပြန်ထိုးလာ

    -

    ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီက မတ်လအစောပိုင်းမှစပြီး စစ်ကြောင်းထိုး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

    အင်အား ၄၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လအစောပိုင်းခန့်က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်လမ်းအတိုင်း ကရင်နီပြည်နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။

    “စစ်ကြောင်းက လွိုင်ကော်မြို့နယ်ထဲကိုရောက်ပါပြီ။ သူတို့ ထိုးလာတာတော့ တစ်လနီးပါးလောက်ရှိပြီ။ ဆီဆိုင်လမ်းကနေဝင်လာတာ ဒီဘက် ပင်လောင်း ဖယ်ခုံလမ်းက သူတို့ဝင်လို့မရဘူး အဲဒီဘက်မှာက ကျွန်တော်တို့တပ်တွေလည်းရှိတယ် နောက်ပြီး ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေလည်းရှိတယ် တိုက်ပွဲကလည်းရှိနေတော့ သူတို့နဲ့ ပြည်သူ့စစ်တွေ စိုးမိုးထားတဲ့ ဆီဆိုင်ဘက်ကနေလာတာပေါ့” ဟု KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

    ဆီဆိုင်ဘက်မှ စစ်ကြောင်းအပြင် လွိုင်ကော်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နှင့် မြို့ပေါ် လက်ကျန်စစ်ကောင်စီတပ်များကလည်း မြို့တွင်း စစ်ကြောင်းထိုးမှုများ ပြန်တွေ့လာရကြောင်း ၎င်းက ဆက်ပြောသည်။

    လွိုင်ကော်မြို့ပေါ်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လွိုင်ကော် ဒကစ)၊ လွိုင်ကော်အကျဉ်းထောင်၊ မြို့အနီးဝန်းကျင်တွင် ခလရ ၂၅၀၊ ခလရ ၂၆၁၊ ခလရ ၅၄၊ အမြောက်တပ် အမတ ၃၆၂၊ ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ -၇၂၂)၊ အမှတ်(၇) တပ်မတော် ဆေးရုံတို့တွင် စစ်ကောင်စီတပ်များ အခိုင်အမာ ကျန်ရှိနေသေးသည်။

    မြေပြင်မှ ရဲဘော်တစ်ဦးက “ကျွန်တော်တို့ ၁၁၁၁ စစ်ဆင်ရေးစတုန်းကာလပေါ့ အဲဒီတုန်းက သူတို့တပ်တွေက ဖြန့်ရာကနေစုသွားတာပေါ့။ ဒကစတို့ အဲဒီလိုပေါ့ တပ်တွေရုတ်သွားတယ်။ အခု ဒီနှစ်စလောက်မှာပေါ့ နေရာတွေ ပြန်ချဲ့လာတာတွေ့ရတယ်။ ဒေသခံနေအိမ်တွေမှာ ကင်းပုန်းပြန်ဝပ်တာတွေ ရှိတယ်။ တပ်အပြင် ပြန်ထွက်လာတာပေါ့” ဟု ဆိုသည်။

    ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သည် စစ်ကောင်စီ၏ ဌာနချုပ် နေပြည်တော်နှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေသည့်မြို့ဖြစ်သောကြောင့် ကရင်နီပြည်နယ်၊ လက်မလွှတ်ရရေး စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတို့က ဆိုသည်။

    စစ်ကောင်စီအနေဖြင့် လွိုင်ကော်မြို့ပေါ် ရပ်ကွက်အချို့နှင့် ဘော်လခဲတွင်သာ အထိုင်ချထားနိုင်ပြီး အုပ်ချုပ်ရေးယန္တယားများ လည်ပတ်နိုင်ခြင်းမရှိပေ။

    လွိုင်ကော်မြို့ပေါ်တွင် ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ “၁၁၁၁ စစ်ဆင်ရေး” စတင်ခဲ့ပြီး လွိုင်ကော်ရဲစခန်းအပါအဝင် စစ်ကောင်စီအထိုင်ချ စခန်း ၁၂ ခုကျော်ကို KNDF ပူးပေါင်းတပ်မှ သိမ်းပိုက်ထားသလို ကရင်နီပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း ထိန်းချုပ်ထားနိုင်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts