မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အနေဖြင့် ထုတ်ပြန်ကြေညာထားသည့် နိုင်ငံရေးရပ်တည်ချက်အတိုင်းသာ ဆက်သွားမည်ဟု ပါတီ ပြောရေဆိုခွင့်သူ နိုင်ဗညားမွန်က ပြောသည်။
မွန်ပြည်သစ်ပါတီ AD သည် သူ့သဘောသူဆောင်နေသောအဖွဲ့ဖြစ်ပြီး မိခင်ပါတီနှင့် ဆက်စပ်ပတ်သက်မှုမရှိသောအဖွဲ့သာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) က မေလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ခွဲထွက် NMSP-AD နှင့် သက်ဆိုင်မှုမရှိကြောင်း မိခင်မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်အပေါ် မှတ်ချက်တစုံတရာ မပေးလိုကြောင်းနှင့် NMSP-AD အနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရပ်တည်ချက်အတိုင်းသာ ဆက်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။
“ဘာမှ ပြောစရာမရှိဘူး။ ဘာသုံးသပ်ချက်မှလည်း မပေးလိုဘူး။ ဒါက မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ အမြင်ပါ။ အထက်တာဝန်ရှိသူတွေက ဆွေးနွေးနေတာတော့ ရှိကောင်းရှိနိုင်တယ်။ ကျနော်ကတော့ မသိဘူး။ နှစ်ဖက်ဆက်ဆံရေးကတော့ NMSP က သူ့အလုပ် သူလုပ်တယ်။ ကျနော်တို့လည်း ကျနော်တို့ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်း ကျနော်တို့လုပ်နေတယ်” ဟု ပါတီ ပြောရေဆိုခွင့်သူ နိုင်ဗညားမွန်က ပြောသည်။
မွန်ပြည်သစ်ပါတီ AD သည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။
မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ပါတီတွင်း စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ ဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံမှုတည်ဆောက်ရေး၊ ဒေသခံ ရဟန်းရှင်လူပြည်သူများ စိတ်နှလုံးဝမ်းအေးချမ်းစေရေးတို့ကို ရှေ့ရှု၍ ခွဲထွက် NMSP-AD မိခင်ပါတီသို့ ပြန်လာရေး၊ ပြန်လည်ပေါင်းစည်းရေးကို ကြိုးပမ်းခဲ့သည်ဟု ထုတ်ပြန်ဖော်ပြထားသည်။
ခွဲထွက် နိုင်ငံရေး၊ စစ်ရေးကဏ္ဍရပ်များတွင် မိခင်ပါတီနှင့် ကွဲပြားခြားနားသော အမြင်သဘောထားများဖြင့် ဖော်ဆောင်လာနေရာ ပြန်လည်ပေါင်းစည်းရေးအတွက် အလားအလာ မှေးမှိန်သည်ထက် မှေးမှိန်လာနေသည်ဟု ဆိုသည်။
ပြန်လည်ပေါင်းစည်းရေးအတွက် မျှော်လင့်ချက်အလွန်နည်းပါးနေသော်လည်း ပြန်လည်ပေါင်းစည်းနိုင်ရေးကိစ္စကို မိခင်ပါတီအနေဖြင့် ဆက်လက်ကြိုးပမ်းနေမည်ဖြစ်ကြောင်းလည်း မွန်ပြည်သစ်ပါတီ (NMSP) က ထုတ်ပြန်ထားသည်။
