Homeသတင်းမိုးစပါးစိုက်တောင်သူတို့ လုပ်သားခေါ်ယူရန် ခက်ခဲနေ

မိုးစပါးစိုက်တောင်သူတို့ လုပ်သားခေါ်ယူရန် ခက်ခဲနေ

-

မွန်ပြည်နယ်အတွင်း လက်ရှိမိုးစပါးစိုက်ရာသီတွင် လုပ်သားခေါ်ယူရန် ခက်ခဲနေသည်ဟု စပါးစိုက်တောင်သူတို့မှ သိရသည်။

မိုစပါးရာသီအတွက် ငှားရမ်းလုပ်ကိုင်နေသည့် ရွေ့ပြောင်းလုပ်သားတို့ နေရပ်ပြန်သူနှင့် ပြည်ပသို့ထွက်ခွာမှုများခြင်းကြောင့် မိုးစပါးလုပ်ငန်း စတင်လည်ပတ်ရန် ခက်ခဲလျှက်ရှိသည်ဟု ချောင်းဆုံမြို့နယ်မှ လယ်ယာလုပ်ငန်းလုပ်ကိုင် နေသည့်တောင်သူတို့က ဆိုသည်။

“စိုက်ပျိုးရေးအတွက် လုပ်သားတွေက အရမ်းကိုကျဲလာတယ်၊ နေ့စားတွေလည်း ခေါ်ရခက်တယ်။ အကုန်လုံးကနိုင်ငံခြားသွားကုန်တော့၊ ခါတိုင်းလုပ်နေတဲ့သူတွေလည်း အကုန်လုံးနိုင်ငံခြားသွားကြကုန်တယ်။ လခတိုးပေးတာတောင် သူတို့မလုပ်ဘူး။‌ ကိုယ်လိုချင်တဲ့ချိန်လည်း ခေါ်လို့မရဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ်က စပါးပျိုးအလုပ်သမားတစ်ဦးလျှင် တစ်ရက် ၁၂၀၀၀ ကျပ်ပေးဆာင်ကာ ခေါ်ယူငှားရမ်းနေသော်လည်း ယခုနှစ်အတွက် တစ်ရက် ၁၅၀၀၀ ကျပ်အထိ တိုးမြှင့်ထားသော်လည်း လုပ်ကိုင်သူမရှိကြောင်း ဆက်ပြောသည်။

ကျွမ်းကျင်အလုပ်သမားတို့ ရှားပါးလာခြင်းကြောင့် လူအရင်းမြစ်အစား လယ်ယာစက်ပစ္စည်းဖြင့် အစားထိုး လုပ်ကိုင်ရမည်ဖြစ်ကြောင်းလည်း သံဖြူဇရပ်မှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

"စက်နဲ့ထွန်မယ်၊ ပြီးတော့ ကြဲခင်းဘက်ပဲ သွားရတော့မှာပေါ့၊ ကြဲခင်းဆိုရင်တော့ သေချာတာက အထွက်လျော့မယ်ပေါ့၊ အရင်က ရွာခံလုပ်သားတွေ ရှိပါသေးတယ်၊ ဒီနောက်ပိုင်းက ရွေ့ပြောင်းလုပ်သားတွေပါ မရှိတော့တာ"ဟု ဆိုသည်။

ယခင် မိုစပါးစိုက်ရာသီတွင် ဧရာဝတီနှင့် ပဲခူးတိုင်းအပါအဝင် အနယ်အနယ်အရပ်ရပ်မှ ကျွမ်းကျင်လုပ်သားတို့ ဝင်ရောက်နေသော်လည်း နယ်မြေမလုံခြုံမှု၊ စားဝတ်နေရေးခက်ခဲမှုအပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားဝင်ရောက်မှု သိသိသာသာ လျော့နည်းနေသည်ဟု သိရသည်။

တစ်ဖက်တွင်လည်း တောင်သူတို့သည် လုပ်သားရှားပါးမှုပြသနာအပြင် စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်း ကြီးမြင့်မှုဒဏ်ကိုပါ ခံစားနေရခြင်းကြောင့် မိုးစပါးစိုက်ပျိုးမှု လျှော့ချစိုက်ပျိုးလာရသည်ဟုလည်း တောင်သူတို့က ဆိုသည်။

မွန်ပြည်နယ်ရှိ လုပ်ငန်းခွင်အသီးသီးတွင် လုပ်သားရှားပါးလာသည်နှင့် တစ်ပြိုင်နက် အသက်မပြည့်သေးသည့် ကလေးလုပ်သားဦးရေတို့လည်း ပိုမိုများလာသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts