မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်တွင် စစ်ကောင်စီကား ၃ စီး မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကူးတို့ဆိပ်ဒေသခံတို့ထံ လျော်ကြေးတောင်းခံနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ကူးတို့ဆိပ်တိုက်ပွဲတွင် စစ်ကူရန်ရောက်ရှိလာသည့် မော့ကနင် အခြေစိုက် ခလရ ( ၁၀၆)တပ်ရင်းမှ အိမ်စီးကား ၃ စီးကို ကူးတို့ဆိပ်ကျေးရွာတွင် ရပ်နားထားစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
“နေအိမ်မီးလောင်တယ်ထင်ပြီး ပြေးသွားကြတာ ကားမီးလောင်နေတာ။ မီးသတ်နေတဲ့အချိန်မှာတောင် လက်နက်ကြီးကျသွားသေးတယ်။ ကံကောင်းလို့ ရေမှာကျသွားတာ။ တော်လှန်ရေးအဖွဲ့တွေပဲ မီးရှို့လိုက်တယ်လေ။ အရပ်ဝတ်နဲ့ပဲသွားကြတော့ ရွာသားတွေလို့ပဲထင်နေကြတာနေမယ်” ဟု မော့ကနင်ဒေသခံတစ်ဦးက ပြောသည်။
မီးရှို့ဖျက်ဆီးခံလိုက်ရသည့် စစ်ကောင်စီကားသုံးစီးသည် ဟွန်ဒါဖစ်ကား ၂ စီးနှင့် ပရိုဘောက်ကား ၁ စီးဖြစ်ပြီး လိုက်စင်မဲ့ကားများဖြစ်ကြောင်း သိရသည်။
ကားသုံးစီးမီးရှို့ဖျက်စီးခံရမှုကြောင့် စစ်ကောင်စီတပ်တို့သည့် ကူးတို့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဒေသခံတို့ထံ ကားတန်ဖိုး ငွေကျပ်သိန်း ၁၈၀ ဝန်းကျင်အတွက် လျော်ကြေးတောင်းခံထားကြောင်း သိရသည်။
“ရွာကကားနှစ်စီးလည်း ယူထားတယ်လို့ကြားတယ်။ ရွာကကားအစီးတိုင်းလိုချင်တယ်လို့ပြောတာပဲ။ ဖြစ်တာကလည်းကူးတို့ဆိပ်ရွာမှာပဲဖြစ်တော့ အဲ့ရွာကလူတွေပဲပြန်လျောပေးရမယ်တဲ့၊ လောလောဆယ် ရွာကကားတွေရထားလို့လားမသိဘူး ငြိမ်နေတာ” ဟု ကူးတို့ဆိပ်ဒေသခံတစ်ဦးက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် လျော်ကြေးတောင်းခံနေသည့်အပြင် ကူးတို့ဆိပ်ရွာခံတို့ထံမှ ကား ၂ စီး သိမ်းယူထားသည်ဟုလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။
ကားသုံးစီးမီးရှို့ခံရသည့်မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲတွင်လည်း ခလရ ၁၀၆ တပ်ရင်းမှ ရွာအတွင်းအပြင် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မော့ကနင်ဒေသခံတို့က ဆိုသည်။
ကူးတို့ဆိပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီး ၂ ဦး အရှင်ဖမ်းဆီးမိသည့်ပြင်လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့မှ ဆိုထားသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အပါအဝင် ရော်ဘာခြံများလည်း မီးလောင်ပျက်စီးခံရကြောင်း ဒေသခံတို့မှ သိရသည်။