Homeသတင်းUID ကတ်ရှိမှ မြဝတီ-မဲဆောက်နယ်စပ် ဖြတ်သန်းခွင့်ရ

UID ကတ်ရှိမှ မြဝတီ-မဲဆောက်နယ်စပ် ဖြတ်သန်းခွင့်ရ

-

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ဖြတ်သန်းရာတွင် စမတ်ကတ်ဟုခေါ်သည့် Unique Identification Number (UID) ကတ်ရှိမှ ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်များ ထုတ်ပေးတော့သည်ဟု ဖြတ်သန်းသွားလာနေသူတို့ထံမှ သိရသည်။

UID ကတ်ရှိမှသာ မြဝတီ-မဲဆောက်နယ်စပ် ဖြတ်သန်းခွင့်ကို မတ်လ ၁ ရက်နေ့ကစပြီး ကန့်သတ်လိုက်ခြင်းဖြစ်သည်။

UID ကတ်ရှိမှ နယ်စပ်ဖြတ်သန်းခွင့်ရသည့်အတွက် ကမ်းကူးနေထိုင် အလုပ်လုပ်ကိုင်နေသူများအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မနေ့က (မတ် ၁ ရက်) စပြီး (UID ) လိုတာ။ ဒီနေ့မနက် လဝကမှာ လူတွေအများကြီးပဲ။ ကျွန်မတို့က အခုဆို အဲ့တာမရှိရင် ဒီဘက် (မဲဆောက်ဘက်) ဝင်လို့မရတော့ မဖြစ်မနေလုပ်ရမှာပေါ့။ လုပ်ဖို့ကလည်း လူကအများကြီးဆိုတော့ အရင်လိုထွက်ပြီး ပြန်ဝင်လို့မရတော့ဘူးပေါ့။ ရသွားပြီးရင်တော့ နောက်အခေါက်တွေအတွက်ကတော့ အဆင်ပြေမှာပေါ့” ဟု မဲဆောက်သို့ရောက်နေသည့် မြဝတီဒေသခံတစ်ဦးက ပြောသည်။

မြဝတီမြို့မှဒေသခံများ အာဏာသိမ်းနောက်ဆက်တွဲအခြေအနေများကြောင့် မဲဆောက်မြို့တွင် လာရောက်နေထိုင်သူအများစုသည် တရားဝင်နေထိုင်ခွင့်ရရှိရေး ခုနှစ်ရက်တစ်ကြိမ် ချစ်ကြည်ရေးတံတားမှတဆင့် အဝင်အထွက်လုပ်နေရခြင်းဖြစ်သည်။

စစ်ကောင်စီမှ ယခုလို တင်းကြပ်လိုက်သည့်အတွက် ပြည်သူများ အခက်အခဲဖြစ်လာစေကြောင်း မဲဆောက်ရှိ ရွှေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

“ကဒ်က ဘယ်မှာလုပ်လုပ် လုပ်လို့ရတယ်ဆိုပေမယ့် အခုလို လုပ်ခိုင်းတော့ လုပ်ရမယ့်လူက များတယ်လေ။ သူတို့က တစ်နေ့ကို အရေအတွက် ဘယ်လောက်လုပ်ပေးနိုင်မလဲဆိုတာက ရှိသေးတယ်လေ။ ဒီဘက်မှာ အခုရှိနေတဲ့သူတွေက မြဝတီဒေသခံတွေပါသလို တခြားဒေသက လူတွေလဲများတယ်။ သူတို့ နေထိုင်ရေးကလည်းရှိသေးတယ်။ ဒါတွေကို ထည့်မစဉ်းစားပဲလုပ်တာက ပြည်သူကိုနှိပ်စက်နေတာပါပဲ” ဟု ပြောသည်။

မြန်မာနှင့် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံ နယ်စပ် ဝင်/ထွက်ဂိတ်များမှ ဖြတ်သန်းသွားလာသူများ မတ်လ ၁ ရက်နေ့မှစပြီး UID လက်မှတ်ပါမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်များ ထုတ်ပေးမည့်အကြောင်းကို စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၄ ရက်ကတည်းက ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီကတော့ နယ်စပ် အဝင်/အထွက်ကို နိုင်ငံသားစိစစ်ရေးကဒ်ပြားအတုများနှင့် အသုံးမပြုသည့်ကတ်များကို အသုံးပြုသွားလာနေသည်ကို ထိန်းချုပ်နိုင်ရန်အတွက် ယခုလို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts