မွန်နှင့် တနင်္သာရီအစပ် မလွှဲတောင်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယခုဧပြီလ နောက်ဆုံးအပတ်တွင် တန်းစီနေသည့် မော်တော်ယာဉ်အနည်းအများပေါ်မူတည်၍သာ ဂိတ်ဖွင့် ဖြတ်သန်းခွင့်ပြုနေကြောင်း ကားသမားနှင့်ခရီးသည်တို့ထံ မှသိရသည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင် တစ်ရက်လျှက် ၅ နာရီခန့် ဖြတ်သန်းသွားလာခွင့်ပြုနေသော်လည်း ယခုရက်ပိုင်းတွင် မနက် ၈နာရီခွဲမှ နေ့လည် ၁၁ နာရီအထိတစ်ကြိမ်၊ ညနေ ၃ နာရီမှ ၅နာရီအထိ တစ်ကြိမ် ဖြတ်သန်းခွင့်ပြုနေသည်ဟု သိရသည်။
လက်ရှိတွင် မော်တော်ယာဉ်တန်းစီသည့်အနေအထား အနည်းအများအပေါ် မူတည်၍ နာရီပိုင်းခန့်သာ ဂိတ်ဖွင့် ဖြတ်သန်းခွင့်ပြုနေခြင်းကြောင့် ခရီးသွားများ ရာသီဥတုပူပြင်းနေသည့်ကြားက စောင့်ဆိုင်းနေရသည်ဟု ယာဉ်မောင်းတစ်ဦးကဆိုသည်။
“ကားတွေဟိုဘက်ဒီဘက် ပိတ်ဆို့တန်းစီတော့မှဖွင့်တယ်။ မနက်နဲ့ညနေပေါင်းရင်တောင် ဂိတ်ဖွင့်ပေးနေတဲ့အချိန်က ၅နာရီလောက် ပြည့်ချင်မှ ပြည့်မယ်၊ ကျနော်တို့ ကားသမားကတော့မပိတ်ခင်အမှီရောက်အောင် သွားရတယ် ၊ ခရီးသည်တွေကလည်း စောင့်ရမှာပေါ့ ”ဟု ကားသမား တစ်ဦးကပြောသည်။
၎င်းအပြင် ထားဝယ်ဘက်မှ မော်လမြိုင်ဘက်သို့ ခရီးသွားလိုသူတို့ဂိတ်ဖွင့်ချိန်ကို တန်းစီစောင့်ဆိုင်းနေရသည့်အတွက် ဆေးခန်းပြလူနာများနေ့ချင်းပြန်မရတော့သည့်အနေအထားဖြစ်လာသည်ဟု မလွှဲတောင်ဘက်သို့ သွားလာနေသည့် ခရီးသည်တစ်ဦးကပြောသည်။
“နေပူထဲစောင့်ဆိုင်း ရတာပေါ့ဆေးခန်းသွားရင် ဟိုမှာတစ်ညအိပ်ရတယ်။နေ့ချင်းပြန်မမှီဘူး။ ဈေးဝယ်ရင် တော့မှီရင်မှီတယ်။ မသွားမဖြစ်မှသာသွားလာကြတယ်" ဟု ၎င်းကဆိုသည်။
အဆိုပါလမ်းတစ်လျှောက် ဖြတ်သန်းသွားလာသူတို့သည် ခရီးမသွင်သည့်အပြင် ကုန်စည်များပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆက်ပြောသည်။
မလွှဲတောင်ဂိတ်ရှိ စစ်ကောင်စီအဖွဲ့တို့သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏတိုက်ခိုက်ခံနေရသည့်အတွက် ပိတ်ဆို့တန်းစီနေသည့် ယာဉ်တန်းတို့ကို ဒိုင်းကာအဖြစ် လုပ်ဆောင်နေ သည်ဟုလည်း သုံးသပ်ပြောဆိုမှုလည်းရှိသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် မလွှဲတောင်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တစ်ရက်လျှင် ၈ နာရီဝန်းကျင် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ရာ ယခုဧပြီလတွင် ၅ နာရီခန့်ဖြတ်သန်းခွင့်ပြုခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတို့သဘောအတိုင်း ဖြတ်သန်းသွားလာနေရသည်ဟု သိရသည်။
၎င်းအပြင် မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစုတို့မှလည်းရေး- မလွှဲတောင်- ကလိန်အောင်လမ်းပိုင်းတွင် စစ်ဆေးမှုများဆောင်ရွက်နေသည်ဟု သိရသည်။
