မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသတွင် ယခုဧပြီလအတွင်း သေနတ်ဖြင့် ခြိမ်း ခြောက်သည့် လုယက်မှုဖြစ်စဥ်များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
ရေးမြို့နယ်၊ ဖာလိန်ဒေသရှိ အဘော်၊ ဒူးယား၊ ပလိုင်သိမ်၊ နှီးနှု၊ ဂူကတော၊ သာဂရမ်၊အံဒင်ကျေးရွားချင်းဆက်ကား လမ်းများပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများကို ပစ်မှတ် ထား၍ သေနတ်ဖြင့် အုပ်စုဖွဲ့ ခြိမ်းခြောက်ပြီး လုယက်မှုများ ကျူးလွန်နေကြခြင်းဖြစ်သည်။
“တစ်ချို့အမျိုးသမီးတွေဆို ဆိုင်ကယ်မောင်းနေရင်းနဲ့ လွယ်ထားတဲ့ (ပိုက်ဆံ) အိတ်ကို ဒီအတိုင်း ဆွဲလုခံရတယ်။ ဆိုင်ကယ်ပေါ်ကနေ ကန်ချခံရပြီးတော့ ဆေးရုံးတင်လိုက်ရတဲ့အဖြစ်တွေလည်း ရှိခဲ့တယ်” ဟု ဖာလိန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းအချိန်က အဘော်ကျေးရွာနှင့် ဒူးယားကျေးရွာ ချင်းဆက် ကားလမ်းဘေးရှိ ဇရပ်တစ်ခုအတွင်း အသက် ၁၆ နှစ်အရွယ် ဒေသခံကလေးငယ်နှစ်ဦး ထိုင်ပြီး စကားပြောနေကြစဉ် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား (၆) ဦးတို့မှ သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ပြီး ဆိုင်ကယ်နှစ်စီး လုယက်ခံရသည်ဟု ဆိုသည်။
အလားတူ ဧပြီလ ပထမအပတ်အတွင်းကလည်း ဒူးယားကျေးရွာနှင့် ပလိုင်သိမ်းကျေးရွာချင်း ဆက်ကားလမ်းပေါ်၌ နှီးနှုးကျေးရွာမှ ဒေသခံကလေးမိခင်တစ်ဦး ဆိုင်ကယ်မောင်းနှင်းလာစဉ် အမည်မသိသည့် အမျိုးသားနှစ်ဦးမှ သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်ခံ ရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
“ရန်ကုန်သွားမယ့် အစ်မဖြစ်သူကို ကားဂိတ်ပို့ပြီး ညနေပိုင်းလောက် ကလေးတစ်ယောက်နဲ့ ပြန်လာတယ်။ လမ်းမှာ ယောက်ျားလေးနှစ်ယောက် ဆိုင်ကယ်တားပြီး သော့လုတယ်။ အဲဒီ အစ်မ (ကလေးမိခင်) ကလည်း သော့ကို ပြန်လုတဲ့အတွက် ဟိုကလည်း ခေါင်းကို လက်နက်နဲ့ ထုပြီး ဆိုင်ကယ်မောင်းပြေးသွားတယ်” ဟု ပြောသည်။
ယခု ဧပြီလ ၂၃ ရက်နေ့အထိ ရေးမြို့နယ် ဖာလိန်ဒေသရှိ ကျေးရွာချင်းဆက်လမ်းများအကြား သေနတ်ဖြင့် ခြိမ်းခြောက်သည့် လုယက်မှုဖြစ်စဥ်များ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
လက်ရှိ ရေးမြို့နယ်အတွင်း ဆိုင်ကယ်လုယက်ခံရမှု၊ ဆွဲကြိုးလုယက်ခံရမှု၊ ပိုက်ဆံအိတ် လုယက်ခံရမှုအပြင် လူကို သတ်ဖြတ်ပြီး ပစ္စည်းလုယက်တာ၊ လူကို နာကျင်ထိခိုက်အောင် ပြုလုပ်ပြီး ပစ္စည်းလုယက်တာတွေလည်း မကြာခဏဖြစ်ပွားနေသည်။
“အခုတစ်လော ကြောက်နေရတယ်၊ ရွာက လူတွေ မြို့ထဲသွားဖို့ အရေးကြီးကိစ္စရှိမှ တက်ကြ တာများတယ်။ ဆိုင်ကယ်လုတာ ဘာမဖြစ်ဘူး၊ အသက်အန္တရာယ်ထိခိုက်မှာကိုပဲ စိုးရိမ်ရတယ်။ လမ်းမှာ သွားလာရတာ ဂရုစိုက်နေရတယ်” ဟု ဖာလိန်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း၌ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးမှု၊ လုယက်မှုများ သိသိ သာသာများပြားလာကြောင်း မြို့ပေါ်တွင်သာမက ကျေးလက်ဒေသတွေမှာလည်း ခိုးမှု၊ လုယက်မှုတွေ ပိုမိုများပြားလာသည်ဟုလည်း သိရသည်။