spot_img
Tuesday, April 30, 2024
More
    spot_img
    Homeသတင်းနိုင်ငံရေးအကျပ်အတည်းကာလ လွှတ်တော်ပေါ်လာစရာမရှိဟုဆို

    နိုင်ငံရေးအကျပ်အတည်းကာလ လွှတ်တော်ပေါ်လာစရာမရှိဟုဆို

    -

    လက်ရှိနိုင်ငံရေးအကျပ်အတည်း ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်အခင်အကျင်းပေါ်လာစရာ မရှိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်ပြောဆိုနေကြသည်။

    စစ်ကောင်စီက ၎င်းတို့၏ အကျပ်အတည်းကို ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးပြုလာနိုင်ကြောင်း၊ သို့သော်လည်း လက်ရှိတိုက်ပွဲအခြေအနေများကြောင်း ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ဆိုသည်။

    မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်လာပြီး တော်လှန်ရေးအောင်မြင်ပြီးခါမှ လွှတ်တော်အခင်းအကျင်း ပေါ်လာနိုင်ကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ ဦးအိုက်လူက ပြောသည်။

    “မှတ်ပုံတင်တဲ့ ပါတီတွေလောက်ပဲ သူတို့ခေါ်မယ်ဆိုတော့ အခုမှတ်ပုံမတင်တဲ့ ပါတီတွေက အများကြီးပဲလေ၊ ကျနော်ထင်တာတော့ အကောင်အထည်တော့ မဖော်နိုင်လောက်ဘူးလို့ ထင်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုဆိုရင် ပါတီမှတ်ပုံတင်ရမယ်တို့ နောက်တစ်ခုက ပါတီအင်အား ၁ သိန်း ရှိရမှာတို့ အဲဒီလိုတွေ ထုတ်ပြန်ထားတဲ့အခါကြတော့ လက်ရှိအနေနဲ့ ကျနော်တို့ ပါတီဆိုရင်လည်း မှတ်ပုံမတင်ဘူးပေါ့ဗျာ၊ မှတ်ပုံတင်တဲ့ဟာကြတော့ အော်တိုပြုတ်သွားတာပေါ့၊ ပြုတ်သွားတဲ့အခါကြတော့ ကျနော်တို့အနေနဲ့တော့ မပါဝင်နိုင်တော့ဘူးပေါ့၊ မပါဝင်နိုင်တော့တဲ့အခါကြတော့ ပါတီပေါင်းစုံ မဟုတ်တော့ဘူးလေ၊ မြန်မာနိုင်ငံမှာ ပါတီပေါင်း ၉၀ ကျော်ထဲကတော့ နှုတ်ထွက်တဲ့ပါတီတွေက နည်းတာမှ မဟုတ်ဘဲဆိုတော့ လွှတ်တော်ကိစ္စကတော့ ကျနော်ထင်တာတော့ မမြင်တော့ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ မြို့သိမ်းတိုက်တွဲတွေ ဆက်လက်ဖြစ်ပေါ်ပြီးမှ နိုင်သွားမှာပဲ ဒီဟာတွေက အဲဒီပြဿနာတွေ ရှင်းလာမှာ” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသတင်းဌာန တာစ့် (TASS) နှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပလာနိုင်မလားဆိုသည့်အပေါ် နိုင်ငံရေးပါတီများအကြား သုံးသပ်မှုများ ရှိနေသည်။

    စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများ ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

    ထို့နောက် UEC ထံ ပြန်လည်၍ မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီများအနက် ပါတီ ၅၀ နီးပါးကို မှတ်ပုံတင် ချထားပေးပြီး ဖြစ်သည်။

    စစ်ကောင်စီ၏ အကောင်းဆုံး ထွက်ပေါက်မှာ ရွေးကောက်ပွဲဖြစ်ကြောင်း၊ ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှာ မဟုတ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

    “သူတို့ရဲ့ ထွက်ပေါက်ကတော့ အကောင်းဆုံးထွက်ပေါက်ကတော့ ရွေးကောက်ပွဲကို သူတို့ ပြမှာပဲ၊ ဒါပေမဲ့ ကျနော်တို့ကတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲဆိုတာ အတုအယောင်ရွေးကောက်ပွဲပဲ ဖြစ်မယ်၊ အခုလည်း ဒီအာဏာသိမ်းတဲ့ဟာက ရွေးကောက်ပွဲကို အကြောင်းပြလို့ အာဏာသိမ်းထားတာဖြစ်တယ်၊ ဒါပေမဲ့ သူအဲဒီလို ရွေးကောက်ပွဲကို အပိုင်းလိုက်ပဲ လုပ်လုပ် တစ်စုံလုံးပဲလုပ်လုပ် ကြိုက်သလို အွန်လိုင်းကပဲ လုပ်လုပ် ကျနော်တို့ နိုင်ငံမှာ လွတ်လပ်ရေးနောက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ်ရှိပါတယ်။ အဲဒီရွေးကောက်ပွဲတွေထဲမှာတော့ ရွေးကောက်ခံနိုင်တဲ့ နယ်မြေဧရိယာ၊ မဲပေးတာ စသည်အားဖြင့်ပေါ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ စံချိန်စံညွန်းတွေရှိတယ်။ အဲဒီထက်မှာ မအလက ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ အဲဒီထဲမှာ အဆုတ်ပျက်ဆုံး၊ ပုံအပျက်ဆုံး၊ ပုံမလာဆုံး ဘယ်လိုမှ လူထုလက်မခံတဲ့ အလိမ်အညာ ရွေးကောက်ပွဲပဲ အဆုတ်ပျက်ဆုံးရွေးကောက်ပွဲပဲ ဖြစ်လာလိမ့်မယ်လို့ကျနော်ကတော့ အဲဒီလိုပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

    သို့သော်လည်း အခြားတစ်ဖက်တွင် ရွေးကောက်ပွဲနည်းလမ်းဖြင့်သာ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေးမှာ အဖြေမဟုတ်ကြောင်း နိုင်ငံရေးသမားအချို့က ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီ၏ UEC ထံ ပြန်လည်မှတ်ပုံမတင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီအချို့ ပါတီဖျက်သိမ်းခံထားရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,900SubscribersSubscribe
    spot_img

    Latest posts