spot_img
Saturday, April 27, 2024
More
    spot_img
    Homeသတင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ငွေကြေးထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် သံဖြူဇရပ် ဒေသခံ ၆ ဦးထပ်မံဖမ်းဆီးခံရ

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကို ငွေကြေးထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် သံဖြူဇရပ် ဒေသခံ ၆ ဦးထပ်မံဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှ ဒေသခံ ၆ ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ထံ ငွေကြေး ထောက်ပံ့နေသည်ဟု ဆိုပြီး စစ်ကောင်စီတပ်မှ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရွာခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ဝါခရူကျေးရွာနေ အသက် ၂၀ အရွယ်ဝန်းကျင် ခန့်မင်းသူဆိုသူကို အွန်လိုင်းပေါ်တွင် (Page ) ထောင်က PDF တပ်ဖွဲ့တို့အတွက် အလှူငွေကောက်ခံသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း သိရသည်။

    အဆိုပါ အမှုဖွင့်ခံထားရသည့် ခန့်မင်းသူထံတွင် အလှူငွေပါဝင်လှူဒါန်းထားသည်ဟု ဆိုကာပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ ည ၁၁ အချိန်ခန့်တွင် ဝါခရူကျေးရွာနေ ဒေသခံ ၅ ဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဝါခရူဒေသခံ တစ်ဦးကပြောသည်။

    “ ဝါခရူမှာ ၅ ယောက် ထပ်ဖမ်းသွားတာက အရင်အဖမ်းခံရတဲ့တစ်ယောက်နဲ့ ပေါင်းပြီး PDF ထံ သူတို့တွေက ငွေစုပြီးအလှူငွေထည့်ကြ တစ်လဆို ၅၀၀၀ အဲ့လိုပေါ့၊ အဲ့တာနဲ့ ဒီဒေသခံ ၅ယောက် ကသေသေချာချာသိထားတာမရှိဘဲ အလှူပေးတဲ့ သဘောမျိုးပဲ နားလည်ကြတာ ” ဟု ၎င်းကဆက်ပြောသည်။

    အလားတူ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ ည ၉ နာရီအချိန်တွင်လည်း သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် လူငယ်တစ်ဦးကို ကွင်းဆက်ထောက်ပို့သူဟု ဆိုပြီးထပ်မံဖမ်းဆီးခဲ့သည်ဟု ဆက်ပြောသည်။

    လက်ရှိတွင် ဖမ်းဆီးခံထားရသည့် သံဖြူဇရပ်မြို့ခံ ၆ ဦးစလုံးကို ဝဲကလိစစ်ကြောရေးတွင် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည) ဖြင့် အမှုဖွင့်အရေးယူရန် စီစဉ်ထားကြောင်းလည်း ဒေသတွင်း သတင်းအရင်းမြစ်တို့ထံမှ သိရသည်။

    ဝါခရူကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံတို့သည် အသက် ၁၈နှစ်ဝန်းကျင် အမျိုးသား၂ ဦးနှင့် အသက် ၄၀ အရွယ်ဝန်းကျင် အမျိုးသား ၃ ဦးတို့ဖြစ်သည်ဟု ဝါခရူရွာခံတို့မှ သိရသည်။

    သံဖြူဇရပ်မြို့နယ်အတွင်း အဆိုပါဖမ်းဆီးခံရသူနှင့် သက်ဆိုင်သူတို့ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲတို့က လိုက်လံရှာဖွေလျက်ရှိရာ လက်ရှိတွင် တိမ်းရှောင်နေရသူများလည်း ရှိကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ဆိုသည်။

    “သံဖြူဇရပ်နဲ့ ဝါခရူဘက်မှာ သူတို့(စစ်ကောင်စီ) စစ်ဆေးနေသေးတယ်၊ သူတို့သတင်းအစအနရထားတဲ့ ၃ ယောက်ကို ပတ်သတ်သူဆိုပြီး လိုက်ရှာနေသေးတယ်၊ တစ်ချို့နည်းနည်းပတ်သတ်နေတဲ့သူတွေဆို ရှောင်သွားကြတာလည်းရှိတယ်၊ လက်ရှိအဖမ်းခံထားရတဲ့သူတွေရဲ့ မိသားစုတွေက ငွေကြေးပေးပြီးပြန်လွှတ်ပေးဖို့ ညှိနေကြတာရှိတယ်ပေါ့" ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    ယခုမတ်လအတွင်း သံဖြူဇရပ်မြို့နယ်တွင် စစ်ကောင်စီဘက်မှ PDF ထောက်ပို့ဟုစွပ်စွဲခံထားသူ ၇ ဦးအထိ ဖမ်းဆီးခံထားရပြီး၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း PDF တပ်ဖွဲ့ဝင်ဟုဆိုကာ သံဖြူဇရပ်မြို့ခံတစ်ဦးကို အမှုဖွင့် အရေးယူခဲ့သည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်အရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် အရပ်သားပြည်သူ ၈၀၀ ထက်မနည်းဖမ်းဆီးခံရပြီး၊ အများစုက ထောင်ဒဏ်အပြစ်ဒဏ် ချမှတ်ထားခံရကြောင်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts