spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း ရိုဟင်ဂျာများကို စစ်ကောင်စီအသုံးချနေ

    ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း ရိုဟင်ဂျာများကို စစ်ကောင်စီအသုံးချနေ

    -

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးအခြေအနေများအတွင်း စစ်ကောင်စီက ရိုဟင်ဂျာများကို အသုံးချနေကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတို့က ဆိုသည်။

    စစ်ကောင်စီအနေဖြင့် ရိုဟင်ဂျာများကို စစ်သားစုဆောင်းခြင်း၊ ရှေ့တန်းတိုက်ပွဲများတွင် အသုံးချခြင်းနှင့် ဒေသတွင်း ပဋိပက္ခများတွင် အသုံးချခြင်းများပြုလုပ်နေဟု ဆိုသည်။

    ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော် AA ၏ တိုက်စစ်ကြောင့် စစ်ကောင်စီ အကြီးအကျယ်စစ်ရှုံးနေပြီး မြို့ပေါင်း ၉ မြို့အထိကို လက်လွှတ်ထားရကာ ကြည်း၊ ရေ၊ လေ နည်းမျိုးစုံဖြင့် ခုံခံနေရသည်။

    မတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင် ဘူးသီးတောင်မြို့ပေါ်၌ ရိုဟင်ဂျာခုနှစ်ရာခန့်က ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်း၊ တိုက်ပွဲများအလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်။

    အဆိုပါဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိနေသည့်အပေါ် ရိုဟင်ဂျာအရေး လှုပ်ရှားသူ ရိုနေဆန်းလွင်က “ဒီနေရာမှာ ရိုဟင်ဂျာတွေရဲ့အခြေအနေကို နားလည်ဖို့လိုပါတယ်။ ရိုဟင်ဂျာတွေဟာ ထောင်ထဲမှာလိုပဲနေရပါတယ်။ တစ်မြို့နဲ့တစ်မြို့ကူးဖို့ကိုတောင် အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး သွားလာရတဲ့အခြေအနေပါ။ ဒီအခြေအနေတစ်ခုမှာ အခုလိုဆန္ဒပြတယ်ဆိုတာက နောက်ကွယ်မှာ စစ်ကောင်စီရှိနေတယ်ဆိုတာ သိသာထင်ရှားပါတယ်” ဟု ပြောသည်။

    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈) တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိစဉ် စစ်ကောင်စီယူနီဖောင်းဖြင့် ရိုဟင်ဂျာ အလောင်းအချို့ကိုပါ တွေ့ရှိခဲ့ရကြောင်း မှတ်တမ်းဓာတ်ပုံနှင့်တကွ AA က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီမှ အသစ်ပြဌာန်းထားလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေအရ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများတွင်ပါ အတင်းအကြပ် စုဆောင်းမှုများရှိနေသည်။

    စစ်ကောင်စီအနေဖြင့် ရိုဟင်ဂျာများကို စစ်ပညာသင်ပေးနေသည့် ရုပ်သံများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

    အဆိုပါအခြေအနေများကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရိုဟင်ဂျာများပါဝင်တိုက်ခိုက်နေမှုမှာ စစ်ကောင်စီ၏ အကြပ်ကိုင်မှုကြောင့် ဖြစ်ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားနေသူများက ဆိုသည်။

    နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း “စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခကို ထုတ်သုံးတာက အခုမှ မဟုတ်ပါဘူး။ ဒါကို နှစ်ဘက်လုံးက နားလည်ဖို့လိုတယ်။ အခုလိုအခြေအနေမှာ ဘုံရန်သူမပျောက်သွားဖို့လိုမယ်။ ရိုဟင်ဂျာအရေးလည်းပါလာတဲ့အတွက် ဒီအပေါ်မှာ နိုင်ငံတကာအနေနဲ့လည်း လစ်လျူရှုမထားသင့်ဘူးလို့ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

    စစ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ရိုဟင်ဂျာများကို ဆက်တိုက် စစ်သားစုဆောင်းနေကြောင်း သိရသည်။

    ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့ကို ဖိနှိပ်ခဲ့သော စစ်ကောင်စီတပ်နှင့် လုံးဝပူးပေါင်းကာ တာဝန်ထမ်းဆောင်လိုစိတ်မရှိကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks